CNI International News

နီယာမေ၊ သြဂုတ် ၁၀ 

နိုက်ဂျာတွင် သူပုန်ခေါင်းဆောင်ဟောင်းတစ်ဦးက ဇူလိုင် ၂၆ ရက်၌ အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင်များကို ဆန့်ကျင်သည့် လှုပ်ရှားမှုအား စတင်လုပ်ဆောင်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုလှုပ်ရှားမှုသည် ဆာဟယ် (Sahel) ဒေသ၏ မဟာဗျူဟာအရ အရေးကြီးသည့် နိုက်ဂျာတွင် စစ်တပ်၏ အုပ်ချုပ်မှုကို ပြည်တွင်းက ဆန့်ကျင်တော်လှန်သည့် လက္ခဏာတစ်ခု ဖြစ်လာခဲ့သည်။

သူပုန်ခေါင်းဆောင်ဟောင်း နိုင်ငံရေးသမား ရစ်ဆာအဂ်ဘူလာ (Rhissa Ag Boula) က နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည့် သမ္မတ မိုဟာမက် ဘာဇုမ်း (Mohamed Bazoum) ကို အာဏာပြန်လည် အပ်နှင်းရန် ရည်ရွယ်ပြီး တော်လှန်ရေး သမ္မတ ကောင်စီ (CRR) ကို ဖွဲ့စည်းခဲ့ကြောင်း ပြောကြားခဲ့သည်။

"နိုက်ဂျာကို ကာကွယ်ရမယ့်သူတွေရဲ့ လုပ်ဆောင်ချက်တွေကြောင့် နိုက်ဂျာဟာ ဝမ်းနည်းဖွယ် ဖြစ်ရပ်ဆိုးမှာ နစ်နာခဲ့ရပါတယ်" ဟု ရစ်ဆာက အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့ (ECOWAS)ကို တွေ့ရစဉ်

CRR သည် နိုက်ဂျာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တည်ငြိမ်ရေးကို ပြန်လည်ရရှိစေရန် ကြိုးပမ်းနေသည့် အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့ (ECOWAS) နှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ လုပ်ဆောင်မှုများကို ထောက်ခံကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

နိုက်ဂျာတွင် တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိစေရန် သံတမန်ရေးရာ လုပ်ဆောင်မှုများ ရပ်တန့်နေချိန်တွင် ရစ်ဆာ၏ အာဏာသိမ်းမှုဆန့်ကျင်သည့် လှုပ်ရှားမှု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

နိုက်ဂျာ စစ်ခေါင်းဆောင်များသည် သံတမန်ရေး လှုပ်ရှားမှုများကို ငြင်းပယ်ခဲ့ပြီး စစ်အစိုးရများ အုပ်ချုပ်နေသည့် အိမ်နီးချင်း မာလီနှင့် ဘာကီနာဖာဆို နိုင်ငံများကလည်း နိုက်ဂျာကို စစ်ရေးအရ ကြားဝင်စွက်ဖက်ခြင်းကို ဟန့်တားပေးရန် ကုလသမဂ္ဂထံ မေတ္တာရပ်ခံခဲ့သည်။

သမ္မတ မိုဟာမက် ဘာဇုမ်းနဲ့ နိုက်ဂျာစစ်တပ် အရာရှိများကိုတွေ့ရစဉ်

နိုက်ဂျာအာဏာသိမ်း ခေါင်းဆောင်များသည် အာဖရိကနှင့် ကုလသမဂ္ဂ သံတမန်များကို သြဂုတ် ၈ ရက်တွင် ပြည်ဝင်ခွင့် ငြင်းပယ်ခဲ့ပြီး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် တောင်းဆိုချက်များကို ဖီဆန်ခဲ့သည်။

အနောက်အာဖရိက နိုင်ငံများမှ ခေါင်းဆောင်များသည် သြဂုတ် ၁၀ ရက်တွင် နိုက်ဂျီးရီးယားနိုင်ငံ၏ မြို့တော် အဘူဂျာ (Abuja) တွင် တွေ့ဆုံမည်ဖြစ်ပြီး နိုက်ဂျာအရေးကို ဆွေးနွေးကြမည် ဖြစ်သည်။ 

CRR အနေနှင့်လည်း အနောက်အာဖရိက ခေါင်းဆောင်များ၏ မည်သည့် ရည်ရွယ်ချက်ကိုမဆို ထောက်ခံ သွားမည်ဟု ရစ်ဆာက ပြောကြားခဲ့သည်။

Source: ရိုက်တာ