CNI International News 

ဘန်ကောက်၊ သြဂုတ် ၁၀ 

ထိုင်းဘုရင် မဟာ ဝဇီရာလောင်ကွန်း (Maha Vajiralongkorn) ၏ ဒုတိယ အကြီးဆုံး သားဖြစ်သူ ဝချာရာဆွန်း ဝီဝချရာဝန် (Vacharaeson Vivacharawongse) သည် သြဂုတ် ၈ ရက်နေ့က ထိုင်းနိုင်ငံသို့ ပြန်လည် ရောက်ရှိ လာခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အသက် ၄၂ နှစ်အရွယ် ဝချာရာဆွန်းအတွက် ၂၇ နှစ်အတွင်း ထိုင်းသို့ ပထမဆုံးအကြိမ် ပြန်လည် ရောက်ရှိလာ ခဲ့ခြင်းလည်း ဖြစ်သည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာလက ထိုင်းဘုရင်၏ အကြီးဆုံး သမီးတော်သည် သတိမေ့မြောခဲ့ပြီးနောက် တော်ဝင်မိသားစု အတွင်း မရေရာမှုများ ဖြစ်ပွားနေချိန်တွင် ဝချာရာဆွန်းသည် ထိုင်းသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံ နယူးယောက်ရှိ ဥပဒေကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသည့် ဝချာရာဆွန်းသည် တော်ဝင် မိသားစုက ပံ့ပိုးပေးထားသည့် ဆင်းရဲနွမ်းပါးသည့် ကလေးများစောင့်ရှောက်ရေးဂေဟာသို့ သွားရောက်ခဲ့သည်။

ဆင်းရဲနွမ်းပါးသည့် ကလေးများစောင့်ရှောက်ရေးဂေဟာသို့ ဝချာရာဆွန်း ဝီဝချရာဝန် ရောက်ရှိလာစဉ်

"ထိုင်းကိုပြန်လာရတာ ပျော်ရွှင်ရပါတယ်။ ထိုင်းနိုင်ငံနဲ့ အဝေးကြီးကို ရောက်နေခဲ့တာ ၂၇ နှစ်တောင်ရှိပါပြီ။ ထိုင်းကို ပြန်လာဖို့အတွက် အိပ်မက်တွေ အကောင်အထည်ပေါ်လာခဲ့ပါပြီ"ဟု ဝချာရာဆွန်းက သတင်းထောက် များကို ပြောကြားခဲ့သည်။

ဝချာရာဆွန်း၏ ခရီးစဉ်နှင့်ပတ်သက်ပြီး တော်ဝင်နန်းတော်က မှတ်ချက် မပေးခဲ့ပေ။

ဝချာရာဆွန်းသည် ထိုင်းဘုရင် ဝဇီရာလောင်ကွန်း၏ ဒုတိယဇနီး သုဇာရီနီ ဝီဝချရာဝန် (Sujarinee Vivacharawongse) ၏ သားလေးဦးအနက် ဒုတိယမြောက်သား ဖြစ်သည်။

ဝဇီရာလောင်ကွန်းနှင့် သုဇာရီနီသည် ၁၉၉၆ ခုနှစ်တွင် ကွာရှင်းခဲ့ကြသည်။

ထိုအချိန်က ထိုင်းဘုရင်သည် ဘူမိဘော (Bhumibol) ဖြစ်ပြီး ဝဇီရာလောင်ကွန်းသည် အိမ်ရှေ့မင်းသားဖြစ်သဖြင့် ဘုရင့်မြေးဖြစ်သည့် ဝချာရာဆွန်းသည် မည်သည့် တော်ဝင်ဂုဏ်ပုဒ်ကိုမျှ အပ်နှင်းခံခဲ့ရခြင်း မရှိပေ။

ဝဇီရာလောင်ကွန်းနှင့် ကွာရှင်းပြီးနောက်ပိုင်း သုဇာရီနီသည် သားလေးဦး၊ သမီးတစ်ဦးနှင့်အတူ ပြည်ပသို့ ပြောင်းရွှေ့ခဲ့ကာ တော်ဝင်မိသားစုနှင့် ခပ်ခွာခွာ နေထိုင်ခဲ့သည်။

နောက်ပိုင်းတွင် ဝချာရာဆွန်း၏ ညီမဖြစ်သူကို ထိုင်းတော်ဝင်မိသားစုက ပြန်လည် လက်ခံခဲ့ပြီး တော်ဝင်မင်းသမီး သီရိဝဏ္ဏဝါရီ နာရီရတ္တနာ (Sirivannavari Nariratana) ဘွဲ့ကို ချီးမြှောက်ခဲ့သည်။

Source: ရိုက်တာ