CNI International News

အိုင်ဇောလ်၊ သြဂုတ် ၁၂

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ရှိ လူမျိုးစုအသိုင်းအဝိုင်းသည် မြန်မာနိုင်ငံသားများဖြစ်သည်ဟု လွှတ်တော်တွင် ပြောကြားခဲ့သည့် ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး အာမစ်ရှား (Amit Shah)ကို အောက်လွှတ်တော်၏ တစ်ဦး တည်းသော မီဇိုရမ်ပြည်နယ်မှ လွှတ်တော်အမတ် ကေဗန်လာဗီနာ (K Vanlalvena)က သြဂုတ် ၁၀ ရက်တွင် ပြစ်တင်ဝေဖန်ခဲ့သည်ဟု NORTHEAST NOW မှ ဖော်ပြခဲ့သည်။

လွှတ်တော်တွင် ရှား၏ မိန့်ခွန်းကို ပြတ်သားစွာ တုံ့ပြန်သည့်အနေဖြင့် မဏိပူရပြည်နယ်မှ လူမျိုးစုများသည် မြန်မာနိုင်ငံမှ ဝင်ရောက်လာသည့် ရွှေ့ပြောင်းနေထိုင်သူများ မဟုတ်ကြောင်း ဗန်လာဗီနာက ပြောကြားခဲ့သည်။ 

သို့သော် မြန်မာနိုင်ငံသားများသည် အိန္ဒိယကို ဗြိတိန်က ကိုလိုနီမပြုမီ နှစ် ၂၀၀ ကျော်လောက်က မဏိပူရတွင် နေထိုင်ခဲ့ဖူးသည်ဟု ဆိုသည်။

ကသည်းလူမျိုးများကိုတွေ့ရစဉ်

"ကျနော်ဟာ မီဇိုရမ်ပြည်နယ်က တိုင်းရင်းသား လူမျိုးစုဝင်တစ်ဦးပါ။ ကျနော်တို့ဟာ ပြည်ပနိုင်ငံသားတွေ မဟုတ် သလို မြန်မာနိုင်ငံသားတွေလည်း မဟုတ်ပါဘူး။ ကျနော်တို့ဟာ အိန္ဒိယနိုင်ငံသားတွေပါ။ ကျနော်တို့ဟာ အိန္ဒိယ လွတ်လပ်ရေး မရခင်ကတည်းက နိုင်ငံအရှေ့မြောက်ပိုင်းမှာ နှစ်ပေါင်းရာချီ နေထိုင်ခဲ့သူတွေပါ" ဟု ဗန်လာဗီနာက ပြောသည်။ 

မဏိပူရပြည်နယ်ရှိ ကူကီး (kuki) လူမျိုးစုအဖွဲ့ အများအပြား ပူးပေါင်းတည်ထောင်ထားသည့် တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များ ဖိုရမ် (ITLF) ကလည်း မိမိတို့အဖွဲ့နှင့် ကူကီး-ဇို လူမျိုးစုများသည် သြဂုတ် ၉ ရက်က လွှတ်တော်တွင် ပြောကြားခဲ့သည့် ရှား၏ မှတ်ချက်စကားကြောင့် ဝမ်းနည်းမိကြောင်း ပြောကြားခဲ့သည်။
မဏိပူရပြည်နယ်တွင် Meitei (ကသည်း)လူမျိုးစုများနှင့် အခြားလူမျိုးစုများအကြား ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်း ဆိုင်ရာ အလုံးစုံကွဲပြားမှုများရှိနေပြီး ပြည်နယ်အတွင်း သုံးလကြာ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် ကူကီး-ဇို လူမျိုးစုဝင် ၁၃၀ ကျော်သေဆုံးကာ လူမျိုးစုအရပ်သား ၄၁,၄၂၅ ဦးခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်ဟု ITLF က အစီအရင်ခံစာ ထုတ်ပြန်ခဲ့သည်။

မဏိပူရပြည်နယ်ဝန်ကြီးချုပ် အန်ဘီရန်ဆင်းကို တွေ့ရစဉ်

အာမစ်ရှား၏ ရှင်းလင်းတင်ပြမှုသည် မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ ဒုက္ခသည် ၄၀,၀၀၀ ကျော်နှင့် ပြည်နယ်အတွင်းရှိ အိုးမဲ့အိမ်မဲ့များကို လက်ခံထားသည့် အခြေအနေနှင့်တိုက်ဆိုင်နေသည်။

မဏိပူရပြည်နယ်ဝန်ကြီးချုပ် အန်ဘီရန်ဆင်း (N. Biren Singh) နှင့် Meitei(ကသည်း) လူမျိုးစု ပညာတတ်များက လူမျိုးစုများ၏ မြေများကို သိမ်းယူသည့် အမှုအခင်းများကြောင့် Meitei(ကသည်း)လူမျိုးစုများနှင့် အခြား လူမျိုးစု အသိုင်းအဝိုင်းအကြား တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု ကင်းမဲ့လာပြီး လူမျိုးစု ပဋိ့ပက္ခများ ဖြစ်ပွားလာခဲ့ခြင်း ဖြစ် သည်ဟု ITLF က ပြောသည်။

ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး အာမစ်ရှား အနေနှင့် ပါတီမူဝါဒများ၏ ထိန်းချုပ်မှုအောက်တွင် မနေဘဲ မဏိပူရ ပြည်နယ်အတွင်းက လူမျိုးစု အကျပ်အတည်းကို ဖြေရှင်းရန် ITLF က မေတ္တာရပ်ခံခဲ့သည်။

Source: NORTHEAST NOW