CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၇

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ လက်ခတ်တောင်တွင် ဩဂုတ် ၁၅ ရက်နေ့၌ ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဩဂုတ် ၁၆ ရက်နေ့မှ စတင်ကာ ထိုင်းဘက်မှ လုံခြုံရေးတင်းကြပ်ထားကြောင်း မဲဆောက်မှာ နေထိုင်သူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် အထူးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့များသည် မဲဆောက်မြို့ထဲ ထက် နယ်စပ်ဒေသများတွင် လုံခြုံရေးတင်းကြပ်ထားပြီး ပိုမိုစစ်‌ဆေးနေကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လမ်းဆိုတာက မဲဆောက်မြို့လယ်ခေါင်ထဲကနေ မြို့ပြင်ကိုထွက်တဲ့ နယ်ပေါ့။ ဥပမာ မဲဆောက်ခရိုင် ဆိုရင် လေးကေ့ကော်ဘက်က တစ်ဖက်ကမ်းတို့ ဖလူးတို့ဘက်က နီးတဲ့ရွာတွေဆိုရင် ဖုတ်ဖဘက်က သွားတယ်။ ဒီဘက်ကဆိုရင် ၄၈ တို့၊ ၃၅ တို့ ထိုင်းဘက်က အဲဒီလိုခေါ်တာပေါ့။ အဲဒီလမ်းဘက်ထွက်တဲ့ ထိုင်း-ကရင်ရွာတွေ၊ မြန်မာနယ်စပ်ဘက်ကို ဝင်တဲ့လမ်းတွေမှာဆိုရင် ထိုင်းစစ်တပ်က အရင်တုန်းကထက် ပိုပြီးတော့ ကြပ်ကြပ် မတ် မတ် စစ်တယ်။ နောက်တစ်ခု ထိုင်းနိုင်ငံ မဲဆောက်မြို့ရဲ့ မယ်ပဆိုတဲ့ဘက်က မယ်လဒုက္ခသည်စခန်း သွားတဲ့လမ်း ဆိုလို့ရှိရင် အဲဒီမယ်ပကျော်တာနဲ့ ဂိတ်တွေ ပိုချတယ်။ ပြီးတော့ နယ်စပ်ပေါ့လေ ချောင်း သောင်ရင်းမြစ်ကမ်း ဘက်ကို သွားလာတဲ့ အလွယ်တကူ သွားလာလို့ရတဲ့ လမ်းတွေ၊ တောရွာတွေ လမ်းတွေဆိုရင် အဲဒီနေရာတွေမှာ ပိုပြီးတော့ စစ်ဆေးတာတွေရှိတယ်။ အဲဒီတော့လက်ရှိ ထိုင်းနိုင်ငံမှာ အထူးသဖြင့် နယ်စပ်ပေါ့ မဲဆောက်ဆိုရင် မြန်မာနိုင်ငံသား တော်တော်များများ ရှိတဲ့နေရာ ဖြစ်သလို အလွှာပေါင်းစုံကလူတွေ လာရောက်ခိုလှုံနေတဲ့ နေရာ လည်းဖြစ်တော့ လုံခြုံရေးအရ ပိုမိုစိုးရိမ်ရတယ်။ အလွှာပေါင်းစုံက နိုင်ငံရေးသမားတွေ၊ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် လုံခြုံရေးကို ပိုပြီးတော့ ဂရုစိုက်ရမယ်။ ပိုပြီးတော့ စိုးရိမ်စရာတွေ ဖြစ်လာတယ်" ဟု ပြောသည်။

လုံခြုံရေးစစ်ဆေးနေတဲ့ ထိုင်းအာဏာပိုင်များကို တွေ့ရစဉ်

မြန်မာဘက်အခြမ်း၌ တိုက်ပွဲဖြစ်ပွားသည့် အခါတိုင်း ထိုင်းဘက်သည် ၎င်းတို့ နယ်မြေနှင့် ပြည်သူလူထုအတွက် လုံခြုံရေး ချထားလေ့ရှိသော်လည်း လက်ရှိ လုံခြုံရေးစစ်ဆေးရာတွင် နှစ်နိုင်ငံချစ်ကြည်ရေးတံတားများ အောက် နှင့် မြန်မာနိုင်ငံသားများ လွယ်လင့်တကူ ဖြတ်သန်းသွားလာ၍ရသည့် ဂိတ်များ၌ လုံခြုံရေးချထား‌ကြောင်း သိရသည်။

မဲဆောက်သည် မြန်မာနိုင်ငံသား အများအပြားရှိသည့် နယ်စပ်မြို့ဖြစ်သည့်အပြင် တရားဝင်သာမက တရားမဝင် အထောက်အထားမဲ့ မြန်မာများလည်း နေထိုင်လျက်ရှိသောကြောင့် ၎င်းတို့အနေဖြင့် လက်ရှိတွင် အသွား၊ အလာ ဆင်ခြင်သင့်ကြောင်း၊ အထောက်အထား ရှိသူများအနေဖြင့်လည်း သွားလာသည့်အခါ၌ မိမိရှိ အထောက်အထား စာရွက်များ ယူဆောင်သွားကြရန်လည်း အကြံပြုကြသည်။

ထို့အပြင် ဇူလိုင်လကုန်အထိ အမည်စာရင်း တင်သွင်းခိုင်းသည့် လုပ်ငန်းစဉ်မှာ ပြီးဆုံးသွားပြီဖြစ်သော်လည်း အချို့ ပွဲစားများမှ လက်ရှိအချိန်အထိ အမည်စာရင်း တင်သွင်း၍ ရသေးသည်ဟု ပြောဆိုစည်းရုံးမှုများကြောင့် တရားမ ဝင် ခိုးဝင်ကာ လာရောက်နေကြသည့် မြန်မာနိုင်ငံသားများ ရှိကြောင်းလည်း သိရသည်။

လက်ရှိ မဲဆောက်နယ်စပ်တွင် ထိုင်းအာဏာပိုင်များမှ လုံခြုံရေး တင်းကြပ်ထားသည့်အတွက် တရားမဝင် ခိုးဝင် မည့် မြန်မာများအနေဖြင့် ပိုမိုသတိထားသင့်ကြောင်း Labour Rights Foundation မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

လုံခြုံရေး ကင်းလှည့်နေတဲ့ ထိုင်းအာဏာပိုင်များကို တွေ့ရစဉ်

၎င်းက "ကိုယ့်လူမျိုးအချင်းချင်း ပြန်လည်ပြီး စော်ကားနေတဲ့ လူတွေကလည်း ဒီမှာ မြောက်များစွာရှိနေတဲ့ အတွက်ကြောင့် တဘို့တည်း သမားတွေပေါ့။ မိမိရဲ့ ကိုယ်ကျိုးစီးပွား ဥစ္စာရတနာ ဖွံ့ဖြိုးတိုးတက်ဖို့ကိုပဲ ရှေ့တန်း တင်ပြီးမှ ကိုယ့်နိုင်ငံသားတွေ အမှန်တကယ် ဒုက္ခရောက်နေလို့။ မဖြစ်သင့်တာတွေ မဖြစ်အောင် ငါတို့ ဝိုင်းဝန်း ကူညီကာကွယ်မယ်ဆိုတဲ့ စိတ်မရှိတဲ့လူတွေကြောင့် အခုလိုမျိုး‌ပေါ့။ အခုချိန်မှာ တချို့တွေဆို အဆက်အသွယ်နဲ့သူ ပြောနေတာပဲ။ မင်းတို့တက်လာလို့ရတယ်။ ဒီမှာ စာရင်းတင်လို့ ရသေးတယ်ဆိုတာ မျိုးတွေလည်း ရှိနေတယ်ဆို တာ ကျနော်တို့ ကြားသိရတယ်။ ဒါတွေက လုံးဝမဖြစ်သင့်တဲ့ကိစ္စလို့ သတ်မှတ်ပါတယ်။ အခုလို ဇူလိုင်လ ၃၁ ရက် နေ့ မတိုင်ခင်အထိ မှတ်ပုံတင်လျှောက်ထားတာတွေ ပြီးဆုံးသွားတဲ့အခါမှာ ဒီလုပ်သားတွေကို တရားဝင် ထိုင်း နိုင်ငံမှာ ဆက်လက် နေထိုင် အလုပ်လုပ်ကိုင်ခွင့်ပြုပြီးမှ နောက်ထပ် အစိုးရကနေ မည်သည့်ကြေညာချက်မှ မထွက်ဘဲ ခွင့်ပြုချက်မရှိဘဲနဲ့ ဒီလိုအချိန်မျိုးမှာ တရားမဝင် ဝင်လာမယ်ဆိုရင်တော့ သူတို့က တရားမဝင် လုပ်သား အဖြစ်နဲ့ ဖမ်းဆီးတာတွေ အရေးယူတာတွေ ခံရနိုင်ပါတယ်" ဟု ပြောသည်။

ထို့အပြင် အမည်စာရင်း တင်သွင်းခြင်း လုပ်ငန်းစဉ်သည် အချိန်ကာလ အကန့်အသတ်မရှိ ပြုလုပ်ပေးနေခြင်း မဟုတ်ဘဲ ဇူလိုင်လကုန်ကတည်းက ထိုလုပ်ငန်းစဉ်မှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ထိုကာလအတွင်း အမည်စာရင်း တင်သွင်းထားပြီးသူများသာလျှင် စက်တင်ဘာလ ကုန်အထိ နေထိုင်ခွင့် ရရှိထားခြင်း ဖြစ်သည့်အတွက် ပွဲစားများ၏ စကားများအား နားမယောင်ကြရန်နှင့် သေချာစွာလေ့လာပြီးမှ ထိုင်းနိုင်ငံသို့ လာသင့်/မလာသင့် ဆုံးဖြတ်ကြရန် ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ များက အကြံပြုသည်။