CNI International News

ဘန်ကောက်၊ သြဂုတ် ၂၂

ဖြူးထိုင်းပါတီသည် ၎င်းတို့ ဦးဆောင်ဖွဲ့စည်းမည့် ညွန့်ပေါင်းအစိုးရတွင် ပါဝင်မည့် နိုင်ငံရေးပါတီ ၁၁ ပါတီကို သြဂုတ် ၂၁ ရက်မွန်းလွဲပိုင်းက ကြေညာခဲ့ပြီး စစ်တပ်နှင့် ဆက်နွှယ်သည့် ပါတီ ၂ ခု ပါဝင်ခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။ 

ဖြူးထိုင်းပါတီ ဦးဆောင်သည့် ၁၁ ပါတီ ညွန့်ပေါင်းအဖွဲ့သည် အောက်လွှတ်တော်၏ နေရာ ၃၁၄ နေရာကို ရရှိထားပြီး ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းအဖြစ် ဆရီသာ သာဗင်စင်(Sretha Thavisin) ကို အဆိုပြု ကြောင်းလည်း ကြေညာခဲ့သည်။

 ဖြူးထိုင်းပါတီရဲ့ ၀န်ကြီးချုပ်လောင်း Sretha Thavisin ကိုတွေ့ရစဉ်

၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်က ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၄၁ နေရာဖြင့် ဒုတိယနေရာ အများဆုံးအနိုင် ရရှိခဲ့သည့် ဖြူးထိုင်းပါတီသည် ၁၁ ပါတီ ညွန့်ပေါင်းအဖွဲ့တွင် နေရာအများဆုံး ရရှိထားသည့် ပါတီဖြစ်သည်။

ညွန့်ပေါင်းအဖွဲ့အတွင်း ပါဝင်မည့် ပါတီများအနက် နေရာ ၇၁ နေရာရရှိခဲ့သည့် Bhumjaithai ပါတီ၊ နေရာ ၄၀ ရရှိခဲ့သည့် Palang Pracharath (PPRP) နှင့် နေရာ ၃၆ နေရာ ရရှိခဲ့သည့် United Thai Nation (UTN) ပါတီတို့ ပါဝင်သည်။

ထို့ပြင် နေရာ ၁၀ နေရာ ရရှိခဲ့သည့် Chartthaipattana ပါတီ၊ နေရာ ၉ နေရာရရှိခဲ့သည့် Prachachat ပါတီ၊ နေရာ ၂ နေရာစီရရှိခဲ့သည့် Pure Thai Rumphlang ပါတီနှင့် Chart Pattana Kla ပါတီ၊ နေရာ ၁ နေရာစီ ရရှိခဲ့သည့် Seri Ruam Thai ပါတီ၊ Plunge Sungkom Mai ပါတီ နှင့် Thai Counties ပါတီတို့ ပါဝင်ခဲ့သည်။

ဖြူးထိုင်းပါတီအနေနှင့် ဝန်ကြီးချုပ် ရာထူးနေရာ အပါအဝင် ညွန့်ပေါင်းအစိုးရအတွင်း ဝန်ကြီးနေရာ ၈ နေရာနှင့် ဒုတိယဝန်ကြီးနေရာ ၉ နေရာကို ရရှိလိမ့်မည်ဟု ဖြူးထိုင်းပါတီခေါင်းဆောင် ချိုနန် သီရိကော (Cholnan Srikaew)က လွှတ်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုင်းအိမ်စောင့်အစိုးရရဲ့ ဒုတိယဝန်ကြီးချုပ် ပရာဝစ် ဝေါင်ဆူဝမ်နဲ့ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကို တွေ့ရစဉ်

Bhumjaithai ပါတီသည် ဝန်ကြီးနေရာ ၄ နေရာနှင့် ဒုတိယဝန်ကြီးနေရာ ၄ နေရာ၊ PPRP ပါတီနှင့် UTN ပါတီတို့က ဝန်ကြီးနေရာနှင့် ဒုတိယဝန်ကြီးနေရာ ၂ နေရာစီ ရရှိမည်ဖြစ်ပြီး Chartthaipattana ပါတီနှင့် Prachachat ပါတီတို့က ဝန်ကြီးနေရာ ၁ နေရာစီ ရရှိလိမ့်မည်ဟု ချိုနန်က ပြောသည်။

PPRP ပါတီ၏ ခေါင်းဆောင်သည် အိမ်စောင့်အစိုးရအဖွဲ့၏ ဒုတိယဝန်ကြီးချုပ် ပရာဝစ် ဝေါင်ဆူဝမ် (Prawit Wongsuwon) ဖြစ်ပြီး UTN ပါတီသည် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ (Prayut Chan-o-cha) ၏ ပါတီ ဖြစ်သည်။

ညွန့်ပေါင်းအစိုးရအဖွဲ့အတွင်း စစ်တပ်နှင့် ဆက်နွှယ်သည့် ပါတီ ၂ ခု ပါဝင်နေခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်ဟု ဖြူးထိုင်းပါတီ ခေါင်းဆောင် ချိုနန်က ဝန်ခံခဲ့သော်လည်း ဖြူးထိုင်းအနေနှင့် ပါတီ အင်အားစုများကို ပူးပေါင်းကာ ထိရောက်မှုရှိသည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်