CNI International News 

ဘန်ကောက်၊ သြဂုတ် ၃၁

ထိုင်းဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) သည် ထိုင်းဘုရင်၏ တော်ဝင် လွတ်ငြိမ်း ချမ်းသာခွင့်ရရှိရန် ပြင်ဆင်နေသော်လည်း မည်သည့်အချိန်တွင် တင်သွင်းမည်ဆိုခြင်းကိုမူ လျှို့ဝှက်ထားသည်ဟု သက်ဆင်၏ ရှေ့နေက သြဂုတ် ၃၀ ရက်တွင် ပြောကြားခဲ့သည်။

သက်ဆင်သည် ပြည်ပြေးဘဝဖြင့် ပြည်ပတွင် ၁၅ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်တွင် ထိုင်းသို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။ 

သက်ဆင်သည် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ထိုင်းသို့ ပြန်လည်ရောက်ရှိချိန်တွင် တရားရုံးချုပ်သို့ ဆင့်ခေါ်ခံခဲ့ရပြီး အာဏာအလွဲသုံးစားလုပ်မှု၊ ကိုယ်ကျိုးစီးပွားရှာမှုတို့ဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရသည်။ 

သက်ဆင် ထိုင်းသို့ပြန်လည်ရောက်ရှိခဲ့ပြီး နာရီပိုင်းအကြာတွင် သက်ဆင်မိသားစု၏ ဖြူးထိုင်းပါတီသည် လွှတ်တော်မဲခွဲဆုံးဖြတ်မှုတွင် ပါတီ၏ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းအား အတည်ပြု ရွေးချယ်ခံခဲ့ရသည်။

သက်ဆင်ကို ထောက်ခံသူများက ဒွန်မောင်းလေဆိပ်တွင် စောင့်ဆိုင်းနေစဉ်(gettyimages)

ထို့ကြောင့် သက်ဆင်မိသားစု၏ ဖြူးထိုင်းပါတီသည် စစ်တပ်နှင့် လျှို့ဝှက်သဘောတူညီမှု ရရှိခဲ့ဖွယ်ရှိသည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်ခဲ့သော်လည်း သက်ဆင်နှင့် ဖြူးထိုင်းပါတီက ငြင်းဆိုခဲ့သည်။

သက်ဆင်သည် အကျဉ်းထောင်တွင် စတင်အကျဉ်းချခံသည့် ည၌ပင် ရင်ဘတ်အောင့်သည့်ဝေဒနာ၊ သွေးတိုးရောဂါတို့ဖြင့် ရဲတပ်ဖွဲ့ဆေးရုံသို့ ရွှေ့ပြောင်းခဲ့သည်။

သို့သော် သြဂုတ် ၃၀ ရက်တွင် သက်ဆင်၏ ရှေ့နေ ဝင်ယတ် ချာ့မွန်ထရီ (Winyat Chartmontri) က သက်ဆင်သည် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းဆိုရန်ပြင်ဆင်နေသည်ဟု ပြောကြားခဲ့သည်။ 

သက်ဆင်ကို တင်ဆောင်လာသည်ဟု ယူဆရသည့် ရဲကားတစ်စီး(gettyimages)

"သက်ဆင်ဟာ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ကို လျှောက်ထားဖို့ လုပ်ဆောင်နေပြီး အချက်အလက်တွေကို စုဆောင်းနေတဲ့ အဆင့်မှာ ရှိနေပါတယ်" ဟု ဝင်ယတ်က ပြောကြားခဲ့ပြီး သက်ဆင်၏ တရားရေးအဖွဲ့သည် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်အတွက် လျှောက်ထားရခြင်းမရှိသေးကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။

တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားမည့် အချိန်ကို သက်ဆင်၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်သွားမည်ဟုလည်း ဝင်ယတ်က ပြောကြားခဲ့သည်။

သက်ဆင်ကို ဆန့်ကျင်သည့် အဖွဲ့ကမူ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ရရှိရန်အတွက် သက်ဆင်၏ အားထုတ် ကြိုးပမ်းမှုများအား ပိတ်ပင်ရန် အကျဉ်းထောင်ဌာနသို့ အသနားခံစာ တင်သွင်းခဲ့သည်။

Source: ရိုက်တာ