CNI International News

လိုင်မန်၊ စက်တင်ဘာ ၄ 

ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ စစ်မြေပြင်တွင် ရုရှားတပ်ဖွဲ့များသည် ယူကရိန်းတပ်ဖွဲ့များကို ကြမ်းကြုတ် ရက်စက်စွာ ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု အေပီမှ ဖော်ပြခဲ့သည်။ 

ရုရှားသည် ယူကရိန်းတောင်ပိုင်းတွင် ဖြစ်ပွားနေသည့် ပိုမိုအရေးကြီးသော တိုက်ပွဲများတွင် ယူကရိန်းတပ်ဖွဲ့များ၏ တပ်ဖွဲ့ဝင်အင်အားကို လျော့ကျစေရန်နှင့် ယူကရိန်း၏ တန်ပြန်ထိုးစစ်ကို အာရုံပြောင်းစေရန်အတွက် အရှေ့ မြောက် စစ်မြေပြင်တွင် ရုရှားတပ်များက ပြင်းထန်စွာ တိုက်ခိုက်နေခြင်း ဖြစ်သည်။

ရုရှား၏ ထိုနည်းဗျူဟာကြောင့် လွန်ခဲ့သည့် ၃ လနီးပါးက စတင်ခဲ့သည့် ယူကရိန်း၏ တန်ပြန်ထိုးစစ်အပေါ် ဖိအားများ ကျရောက်ခဲ့သည်။ ရုရှားက သိမ်းပိုက်ထားသည့် နယ်နိမိတ်များကို ပြန်လည်သိမ်းယူရန် ရုရှား၏ အားထုတ်ကြိုးပမ်းမှုများသည် အနည်းငယ်သာ အောင်မြင်မှုရရှိခဲ့ပြီး ထိခိုက်ကျဆုံးမှု အများအပြားရှိခဲ့သည်။

ထို့ကြောင့် ယူကရိန်းစစ်တပ်သည် လက်ရှိတွင် အရှေ့မြောက် စစ်မြေပြင်၌ ဖြစ်ပွားနေသည့် တိုက်ပွဲများကို အာရုံစိုက်လာခဲ့သည်။ 

ယူကရိန်း ဒုတိယကာကွယ်ရေးဝန်ကြီး  ဟန်နာမာလီယာကိုတွေ့ရစဉ်

အထူးသဖြင့် ရုရှား၏ အဓိက ခံစစ်ဖြစ်သည့် လိုင်မန် (Lyman) မြို့အနီးရှိ တောအုပ်များအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ခါကိဗ် (Kharkiv)ဒေသ၏ ကူးပီးယန့်စ် (Kupiansk) မြို့တို့တွင် ဖြစ်ပွားနေသော တိုက်ပွဲများသည် ပြင်းထန်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ယူကရိန်းသည် တောင်ပိုင်းစစ်မြေပြင်ကိုလည်း အာရုံစိုက်ထားပြီး တန်ပြန်ထိုးစစ် စစ်ဆင် ရေးများကို ပြုလုပ်ခဲ့သည်။ အဇော့ပင်လယ် (Sea of Azov) ၏ ကမ်းရိုးတန်းများပေါ်သို့ ချင်းနင်းဝင်ရောက်လာ ခဲ့ပြီး ခရိုင်းမီးယားကျွန်းဆွယ်၏ မြေပြင်စင်္ကြံန်ကို ဖြတ်တောက်ရန် ကြိုးပမ်းခဲ့သည်။

ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ယူကရိန်းတောင်ပိုင်းရှိ ရုရှားတို့ သိမ်းပိုက်ထားသည့် နယ်မြေကို နှစ်ခြမ်းကွဲစေမည် ဖြစ်ပြီး ရုရှား၏ ထောက်ပို့လမ်းကြောင်းများကို အားနည်းစေမည် ဖြစ်သည်။

ယူကရိန်း ဒုတိယကာကွယ်ရေးဝန်ကြီး  ဟန်နာမာလီယာ (Hanna Maliar) ကမူ လေ့လာစောင့်ကြည့် သူများ အနေနှင့် ယူကရိန်း၏ တန်ပြန်ထိုးစစ်တွင် နယ်မြေများကို ပြန်လည်သိမ်းယူနိုင်သည့် အခြေအနေ တစ်ခုထဲမှ မကြည့်ဘဲ ရုရှားကို ဖိအားပေးထားနိုင်သော အခြေအနေများကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း ပြောကြား ခဲ့သည်။

ယူကရိန်းတပ်မှူး တစ်ဦးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး အိုလက်ဇန်းဒါး ဆာဆကီကိုတွေ့ရစဉ်

ယူကရိန်းတောင်ပိုင်း စစ်မြေပြင်များတွင် ယူကရိန်းတပ်ဖွဲ့များသည် မကြာသေးမီက ရုရှားတပ်များ၏ ခံစစ်စည်း များကို အောင်မြင်စွာ ဖြတ်တောက်နိုင်ခဲ့သည်။

တန်ပြန်ထိုးစစ် စတင်ခဲ့ချိန်ကတည်းက ယူကရိန်းတပ်ဖွဲ့များသည် ရုရှား၏ ခံစစ်စည်းများကို ချိုးဖောက်ကာ ဇာပိုရီရှား (Zaporizhzhia) ဒေသတောင်ပိုင်းသို့ ၇ ကီလိုမီတာ (၄ ဒသမ ၃ မိုင်) အထိ ချင်းနင်း ဝင်ရောက် နိုင်ခဲ့သည်။ 

ရုရှားစစ်သားများသည် ကူးပီးယန့်စ်နှင့် လိုင်မန် မြို့များတွင် တပ်များပြန်စုနေပြီး တပ်ရင်းတပ်ဖွဲ့များနှင့် လက်နက်ပစ္စည်းများ ဖြန့်ကြက်ချထားနေကြောင်း ယူကရိန်းတပ်မှူး တစ်ဦးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး အိုလက်ဇန်းဒါး ဆာဆကီ (Oleksandr Syrskyi) က ပြောကြားခဲ့သည်။

Source: အေပီ