CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၅

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)ဥက္ကဋ္ဌ ဦးသိန်းစိုးသည် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ ဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံ၍ ရွေးကောက်ပွဲ မဲပေးမည့် စနစ်အပေါ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

လာမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးမည့် စနစ်ကို အီလက်ထရောနစ်မဲပေးစက်များ အသုံးပြု၍ ကျင်းပသွားမည်ဖြစ်ကြောင်း UEC က နိုင်ငံရေးပါတီများကို ရှင်းပြခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ ၃၅ ပါတီမှ ကိုယ်စားလှယ် ၁၂၄ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၅ ရက်နေ့က UEC နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်

UEC သည် နိုင်ငံရေးပါတီများကို ပြန်လည် မှတ်ပုံတင်ရန်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဥပဒေပြဋ္ဌာန်းချက်များ ထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခွင့် လျှောက်ထား သည့် ပါတီ ၅၀ နှင့် ပါတီအသစ် တည်ထောင်ခွင့် လျှောက်ထားသောပါတီ ၁၄ ပါတီ စုစုပေါင်း ၆၄ ပါတီရှိ ကြောင်း UEC ၏ စာရင်းများအရ သိရသည်။

သို့သော် ရွေးကောက်ပွဲကို မည်သည့် အချိန်တွင် ကျင်းပမည်ဖြစ်ကြောင်းကိုတော့ UEC နှင့် နစကမှ ထုတ်ပြန် ကြေညာထားခြင်း မရှိသေးပေ။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမည်ဖြစ်ပြီး သန်းခေါင်စာရင်းများ ပြည့်စုံစွာ ကောက်ယူပြီးပါက ရွေးကောက်ပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့က ပြောကြားထားသည်။