CNI International News

ဂျကာတာ၊ စက်တင်ဘာ ၆

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့အတွင်း သဘောထားကွဲလွဲမှုများ ရှိနေသည်ဆိုသည့် စိုးရိမ်မှုများကို ပြေပျောက်စေရန် အာဆီယံခေါင်းဆောင်များ ကြိုးပမ်းနေကြချိန်တွင် အာဆီယံ အစည်းအဝေးသည် အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှုများအတွင်းသို့ ရောက်ရှိသွားနိုင်သည်ဟု အင်ဒိုနီးရှားက စက်တင်ဘာ ၅ ရက်တွင် သတိပေးခဲ့သည်။

အင်ဒိုနီရှားသမ္မတ ဂျိုကို ဝီဒိုဒို (Joko widodo) သည် ဂျကာတာမြို့တော်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာဆီယံအစည်းအဝေး၏ အဖွင့်မိန့်ခွန်းတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

အာဆီယံအနေနှင့် ပြည်သူများ၏ မျှော်လင့်ချက်များနှင့် ကိုက်ညီမှုရှိပြီး ဆီလျှော်သည့် ရေရှည် နည်းဗျူဟာတစ်ခု ကို ဖန်တီးရန်လည်း ဝီဒိုဒိုက တိုက်တွန်းခဲ့သည်။

"အာဆီယံဟာ အင်အားကြီးနိုင်ငံတွေရဲ့ အကျိုးတော်ဆောင်အဖြစ် လုပ်ဆောင်ပေးဖို့ သဘောမတူခဲ့ပါဘူး။ ပျက်စီးဆုံးရှုံးမှုတွေကို ဖြစ်စေတဲ့ ပြိုင်ဆိုင်မှုကြိုးဝိုင်းထဲကို ကျနော်တို့ရဲ့ အာဆီယံသင်္ဘောကြီး ဝင်ရောက်သွား တာမျိုး မဖြစ်ပါစေနဲ့" ဟု ဝီဒိုဒိုက ပြောသည်။

အာဆီယံ အစည်းအဝေးမှာ မြန်မာကိုယ်စားလှယ် ထိုင်ခုံလွတ်နေစဉ်

"ခေါင်းဆောင်တွေဖြစ်တဲ့ ကျနော်တို့ဟာ ဒီသင်္ဘောကြီး ဆက်လက် ရွှေ့လျားဖို့နဲ့ ရွက်လွှင့်ဖို့ကို စိတ်ချသေချာ အောင် လုပ်ဆောင်ရမှာဖြစ်ပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ချမ်းသာကြွယ်ဝရေးတွေ ရရှိအောင် ကျနော်တို့ လုပ်ဆောင်ရပါလိမ့်မယ်"ဟု ဝီဒိုဒိုက ထပ်လောင်း ပြောကြားခဲ့သည်။

ကွန်မြူနစ်ဝါဒပျံ့နှံ့မှုကို ဆန့်ကျင်ရန် ၁၉၆၀ ပြည့်နှစ်ကျော် ကာလများက စစ်အေးကာလ၏ တင်းမာမှုအမြင့်ဆုံး အချိန်ဖြစ်သည့် ၁၉၆၇ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည့် အာဆီယံသည် အဖွဲ့ဝင်နိုင်ငံများအကြား ပြည်တွင်း ရေးကို ဝင်ရောက် မစွက်ဖက်ရေး မူနှင့် စည်းလုံးညီညွတ်ရေးတို့ကို ဦးစားပေး လုပ်ဆောင်သည့် မူကို ကျင့်သုံးခဲ့ သည်။

တရုတ်နဲ့ အမေရိကန် ခေါင်းဆောင် နှစ်ဦးကိုတွေ့ရစဉ်

သို့သော် ဝေဖန်သူများကမူ ထိုမူဝါဒများသည် မြန်မာနိုင်ငံအရေးကို ကိုင်တွယ်ဖြေရှင်းရာတွင် အာဆီယံ၏ အရေးယူ လုပ်ဆောင်နိုင်စွမ်းကို ကန့်သတ်ရာ ရောက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

အာဆီယံသည် ထိပ်သီးအဆင့် အစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ စစ်ခေါင်းဆောင်များကို တက်ရောက်ခွင့် ပိတ်ပင်ခဲ့သည်။ 

သို့သော် အင်ဒိုနီးရှားနိုင်ငံက အာဆီယံ ငြိမ်းချမ်းရေး အစီအစဉ်တစ်ခုကို တွန်းအားပေး လုပ်ဆောင်ရန် သက်ဆိုင် ရာ အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရန် ကြိုးပမ်းခဲ့ပြီး ထိုင်းနိုင်ငံက မြန်မာစစ်တပ် ခေါင်းဆောင် များနှင့် ထိတွေ့ဆက်ဆံရန် ကြိုးပမ်းနေမှုနှင့်အတူ အာဆီယံအတွင်း သဘောထားကွဲလွဲမှုများ ပေါ်ပေါက်ခဲ့သည်။