CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅

ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း နစကဘက်က ထုတ် ပြန်ခဲ့သည်။

ထို့နောက် မြန်မာ့တပ်မတော်(လေ)နှင့် ထိုင်းဘုရင့်လေတပ်အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအ နေများ၊ မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (HLC)နှင့် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး(RBC)ကို နှစ်စဉ် ဆောင်ရွက်နေမှု အခြေအနေများ၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ချစ်ကြည်ရေးခရီးစဉ်များ လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုင်းလေတပ်ဦးစီးချုပ်သည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် (၂၀)ကြိမ်မြောက် အာဆီယံ လေတပ် ဦးစီးချုပ်များ ညီလာခံသို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်နေ့က တက်ရောက်ခဲ့ပြီးနောက် ယနေ့ (စက်တင်ဘာ ၁၅ ရက်)မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် တော်လှန်ရေး အင်အားစုများကြား လက်နက်ကိုင် ပဋိပက္ခများ ပြင်းထန်လျက်ရှိနေသည်။

အဆိုပါ လက်နက်ကိုင် ပဋိပက္ခများကြောင့် ကုန်သွယ်ရေး လမ်းကြောင်းများ ပျက်စီးမှုများ ရှိခဲ့သလို ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားများလည်း ဗုံးဖောက်ကွဲခံရမှုများ ဖြစ်ပွားခဲ့သေးသည်။