CNI International News

တိုင်ပေ၊ စက်တင်ဘာ ၁၉ 

တရုတ်အနေဖြင့် ပျက်စီးစေတတ်ပြီး တစ်ဖက်သတ်ဆန်သည့် စစ်ရေးလှုပ်ရှားမှုများကို ရပ်တန့်ရန် ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၈ ရက်တွင် တိုက်တွန်းခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်၏ စစ်ရေးလှုပ်ရှားမှုများ မြင့်တက်ခဲ့ပြီးနောက် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ တိုက်တွန်းချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အလားတူ တရုတ်၏ ထိုအပြုအမူများသည် တင်းမာမှုများကို ပိုမိုမြင့်တက်စေလိမ့်မည်ဟု  ထိုင်ဝမ်ဘက်က သတိပေးခဲ့သည်။

ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် သတ်မှတ်ထားသည့် တရုတ်သည် မကြာသေးမီ နှစ်များအတွင်း ထိုင်ဝမ် ကျွန်းအနီးတွင် စစ်ရေေးလ့ကျင့်မှုများကို မကြာခဏ ပြုလုပ်ခဲ့၍ ထိုင်ဝမ်အပေါ် သြဇာလွှမ်းမိုးမှုနှင့် ပိုင်ဆိုင် ကြောင်း ကြေညာချက်အား ပိုမိုခိုင်မာအောင် လုပ်ဆောင်ခဲ့သည်။

ထိုင်ဝမ်နှင့် ဖိလစ်ပိုင်အကြားရှိ ဘာရှီ ရေလက်ကြားကို တွေ့ရစဉ်

စက်တင်ဘာ ၁၇ ရက်ကတည်းက ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်လေယာဉ် ၁၀၃ စင်းကို ထောက်လှမ်း တွေ့ရှိခဲ့ပြီး ထိုစစ်လေယာဉ် အရေအတွက်သည် မကြာသေးမီ ရက်ပိုင်းအတွင်း အများဆုံး အရေအတွက် ဖြစ်သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း တရုတ် တိုက်လေယာဉ်များသည် ထိုင်ဝမ်နှင့်တရုတ်အကြား ပိုင်းခြားထားသည့် ထိုင်ဝမ်ရေလက်ကြား(Taiwan Strait)အတွင်းရှိ တရားမဝင် နယ်စပ်စည်းဖြစ်သည့် အလယ်စည်း (Median line) ကို ဖြတ်သန်းဝင်ရောက်ခဲ့သည်ဟု ထိုင်ဝမ်က ဖော်ပြခဲ့သည်။ 

အခြားလေယာဉ်များသည် ထိုင်ဝမ်နှင့် ဖိလစ်ပိုင်အကြားရှိ ဘာရှီ ရေလက်ကြား (Bashi Channel)  ကိုဖြတ်ပြီး ထိုင်ဝမ်ကျွန်းတောင်ပိုင်းတွင် ပျံသန်းခဲ့သည်ဟု ဆိုသည်။

မကြာသေးမီ ရက်များအတွင်း တရုတ်၏ လှုပ်ရှားမှုများသည် ထိုင်ဝမ် ရေလက်ကြားနှင့် ဒေသတွင်း လုံခြုံရေး အတွက် ကြီးမားသည့် စိန်ခေါ်မှုများကို ဖြစ်စေခဲ့သည်ဟုလည်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်စစ်တပ် စစ်ရေးလေ့ကျင့်နေစဉ်

ထိုင်ဝမ်ရေလက်ကြားတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် ဒေသတွင်း သက်ဆိုင်ရာ နိုင်ငံများအားလုံး၏ တာဝန်ဖြစ်သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

"တရုတ်စစ်တပ်ရဲ့ စစ်ဘက်ဆိုင်ရာ အဆက်မပြတ် နှောင့်ယှက်မှုတွေဟာ ဒေသတွင်း လုံခြုံရေးကို ပိုမိုဆိုးရွား စေပြီး တင်းမာမှုတွေကို အလွယ်တကူ မြင့်တက်စေနိုင်ပါတယ်။ တရုတ်အာဏာပိုင်တွေ အနေနဲ့ အဲဒီလို ပျက်စီး စေတတ်ပြီး တစ်ဖက်သတ်ဆန်တဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ တာဝန်ယူဖို့ ကျနော်တို့ တိုက်တွန်းပါ တယ်"ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုချက်ကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ချက်ချင်း မတုံ့ပြန်ခဲ့ပေ။

Source: ရိုက်တာ