CNI International News

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၁

ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelensky) သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အစည်းအဝေးတွင် ရုရှားအရာရှိများနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံလိမ့်မည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။ 

ဇာလန်းစကီးသည် နှစ်စဉ်ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ (UN General Assembly) ကို တက်ရောက်ရန် နယူးယောက်သို့ သွားရောက်ခဲ့ပြီး စက်တင်ဘာ ၁၉ ရက်တွင် စစ်စိမ်းရောင်ဝတ်စုံဖြင့် အထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားခဲ့သည်။

ထိုမိန့်ခွန်းတွင် ရုရှားကို ပြတ်ပြတ်သားသား ဆန့်ကျင်ရန် ကမ္ဘာ့နိုင်ငံများကို တိုက်တွန်းခဲ့သည်။

စက်တင်ဘာ ၂၀ ရက်ကလည်း ဇာလန်းစကီးသည် လုံခြုံရေးကောင်စီတွင် ယူကရိန်းစစ်ပွဲနှင့် ပတ်သက်ပြီး ပြုလုပ်မည့် အထူးအစည်းအဝေးမှာ မိန့်ခွန်းပြောကြားမည် ဖြစ်သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ်ကို တွေ့ရစဉ်

လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံဖြစ်သည့် ရုရှားသည် မည်သည့် ဆုံးဖြတ်ချက်ကိုမဆို ပယ်ချရန် ဗီတိုအာဏာကို ကိုင်စွဲထားသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ် (Sergie Lavrov) သည်လည်း နယူးယောက်သို့ စက်တင်ဘာ ၁၉ ရက် နှောင်းပိုင်းတွင် ရောက်ရှိခဲ့ပြီး သူသည် ဥရောပလေပိုင်နက်များကို ရှောင်ကွင်းကာ အမေရိကန်သို့ လေယာဉ် ဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်ဟု ရုရှားနိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ဟောင်းဖြစ်သည့် လာဗရော့ဗ်သည် လုံခြုံရေးကောင်စီ အစည်းအဝေးကို တက်ရောက်ရန် ရှိ/မရှိနှင့် ဇာလန်းစကီးနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံရန် ရှိ/မရှိကိုတော့ ရှင်းလင်းစွာ မသိရသေး ပေ။

ဇာလန်းစကီးနှင့် ရုရှားအရာရှိများ တွေ့ဆုံဖွယ်ရှိသည့် အခြေအနေသည် ကုလသမဂ္ဂ၏ မမေ့နိုင်စရာ အခိုက် အတန့်များထဲတွင် တစ်ခု အပါအဝင် ဖြစ်လာလိမ့်မည်ဟု ဝါရှင်တန်ရှိ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး စင်တာ (Center for Strategic and Internatioanl Studies) မှ ကျွမ်းကျင်သူ မာတီ ဖလက်စ် (Marti Flacks) က ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးကို UN မှာတွေ့ရစဉ်

လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် အမေရိကန်နှင့် ပြင်သစ်၏ သံတမန်များသည် ထိုအစည်းအဝေးကို တက်ရောက်လိမ့်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) နှင့် ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ကက်သရင်း ကိုလွန်နာ (Catherine Colonna) တို့က ပြောသည်။

လုံခြုံရေးကောင်စီ၏ အလှည့်ကျဥက္ကဋ္ဌ နေရာကို ရယူထားပြီး ယူကရိန်းကို အခိုင်အမာ ထောက်ခံသည့် အယ်လ်ဘေးနီးယားနိုင်ငံကမူ အစည်းအဝေးကို တက်ရောက်လာမည့် ကိုယ်စားလှယ် ၆၀ အတွက် အမှာစကား များ ပြောကြားခွင့်ပေးရန် သဘောတူခဲ့သည်ဟု အစည်းအဝေး အစီအစဉ်များတွင် ဖော်ပြခဲ့သည်။

ထိုအစည်းအဝေးသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ရုရှား၏ ယူကရိန်းကျူးကျော်စစ် စတင်ဖြစ်ပွားပြီးနောက်ပိုင်း ရုရှားနှင့် ယူကရိန်းအကြား သံတမန်ရေးရာ တိုက်ရိုက် ထိတွေ့ဆက်ဆံမှု ဖြစ်လာမည် ဖြစ်သည်။

Source: ဘန်ကောက်ပို့စ်