CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၁၇


အစ္စရေး-ဟားမာ့စ် စစ်ပွဲကြောင့် အမေရိကန်၏ ရီပတ်ဘလစ်ကန် ပါတီဝင်များအကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပွားနေသည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ရီပတ်ဘလစ်ကန် တစ်ဦးဖြစ်သူ နစ်ကီ ဟာလေ (Nikki Haley) ကမူ အစ္စရေးကို ဘက်ပေါင်းစုံမှ ထောက်ခံသွား မည်ဟု ပြောကြားခဲ့ပြီး အီရန်၏ စီးပွားရေးကို လျော့ပါးစေရန် လုပ်ဆောင်မည်ဟု ကတိပြုခဲ့သည်။ 

ထို့ပြင် ရုရှား၏ ကျူးကျော်မှုကို တွန်းလှန်တိုက်ခိုက်နေသည့် ယူကရိန်းကိုလည်း ရန်ပုံငွေများ ဆက်လက် ထောက်ပံ့ပေးရန် ဟာလေက ပြောကြားခဲ့သည်။ 

"လက်ရှိအချိန်မှာ ကမ္ဘာကြီးဟာ အန္တရာယ်ရှိနေပါတယ်။ ဒီအခြေအနေဟာ အကောင်းဘက်ထက် အဆိုးဘက်ကို ဦးတည်နေပါတယ်" ဟု ဟာလေက အမေရိကန်၏ နယူးဟမ့်ပ်ရှိုင်းယား (New Hampshire) ပြည်နယ်တွင် American Legion အမည်ရှိ NGO အဖွဲ့၏ စင်တာတွင် ရီပတ်ဘလစ်ကန် ပါတီကို ထောက်ခံသည့် မဲဆန္ဒရှင် များနှင့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့သည်။

ဟာလေ၏ ပြောကြားချက် ထွက်ပေါ်ပြီးနောက် ၂၄ နာရီ မပြည့်မီအချိန်မှာပင် ဖလော်ရီဒါပြည်နယ်၏ ရီပတ်ဘလစ်ကန် အုပ်ချုပ်ရေးမှူး ရွန် ဒီဆန်းတစ် (Ron DeSantis)က စီးပွားရေး ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ ရာတွင် ရှင်းလင်းသည့် မဟာဗျူဟာတစ်ခု မရှိခင်အချိန်အထိ ယူကရိန်းကို ရန်ပုံငွေ ထောက်ပံ့နေမှုအား ရပ်တန့် သင့်ကြောင်း ပြောကြားခဲ့သည်။

 ဖလော်ရီဒါပြည်နယ်၏ ရီပတ်ဘလစ်ကန် အုပ်ချုပ်ရေးမှူး ရွန် ဒီဆန်းတစ်ကို တွေ့ရစဉ်

သူ့အနေနှင့် အမေရိကန်-မက္ကဆီကို နယ်စပ်တွင် ပြည်ပနိုင်ငံသားများ၏ ခြိမ်းခြောက်မှုကို ပိုမိုအာရုံစိုက်ခဲ့ကြောင်း နှင့် အစ္စရေးအနေနှင့်လည်း မိမိကိုယ်ကိုယ် ခုခံပိုင်ခွင့်ရှိကြောင်း ပြောကြားခဲ့သည်။ 

"စစ်ရေးအရ ကျနော်တို့ အများကြီး လုပ်ပေးဖို့လိုတယ်လို့ ကျနော်မထင်ပါဘူး။ ကျနော်တို့အနေနဲ့ ပုံမှန်အတိုင်းပဲ ထောက်ပံ့ပေးရမှာ ဖြစ်ပါတယ်" ဟု ဒီဆန်းတစ်က အစ္စရေး-ဟားမာ့စ် စစ်ပွဲနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။

ယခင်က အမေရိကန် ရွေးကောက်ပွဲများတွင် ပြည်တွင်းရေး အကြောင်းအရာများက လွှမ်းမိုးထားခဲ့သော်လည်း လက်ရှိတွင် နိုင်ငံခြားရေးမူဝါဒအတွက် စိန်ခေါ်မှုများကသာ လွှမ်းမိုးထားခဲ့သည်။ 

နယူးဟမ့်ပ်ရှိုင်းယားပြည်နယ်မှ ရီပတ်ဘလစ်ကန်ပါတီကို ထောက်ခံသည့် မဲဆန္ဒရှင်များကလည်း နိုင်ငံခြားရေး မူဝါဒများနှင့်ပတ်သက်ပြီး ရီပတ်ဘလစ်ကန် သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၏ သဘော  ထားကို မေးခွန်းထုတ်နေကြသည်။ 

"လက်ရှိ နိုင်ငံတကာ အခင်းအကျင်းက ကောင်းမွန်ပြီး သင့်တော်တဲ့ ဖြေရှင်းမှုတစ်ခုကို လိုအပ်နေပါတယ်။ အခု အချိန်ထိ အဲဒီလို လုပ်ဆောင်နိုင်ခြင်း မရှိသေးပါဘူး" ဟု နယူးဟမ့်ပ်ရှိုင်းယား အစိုးရရှေ့နေချုပ်ဟောင်း တွမ် ရတ် (Tom Rath) က ပြောကြားခဲ့သည်။ 

Soruce: အေပီ