CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၂၀

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ရှိ လွှတ်တော် အဆောက်အအုံထဲတွင် ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရန် ထိုင်သပိတ် ပြုလုပ်ခဲ့ပြီး တောင်းဆိုဆန္ဒပြခဲ့ကြသည့် ဂျူးတက်ကြွ လှုပ်ရှားသူများ ဖမ်းဆီးခံခဲ့ရကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ထိုင်သပိတ်တွင် ပါဝင်သည့် ဂျူးလူမျိုးများက ပါလက်စတိုင်းတို့အပေါ် အစ္စရေး၏ ဖိနှိပ်မှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပြီး ထိုဆန္ဒပြမှုတွင် လူပေါင်း ၅၀၀ ခန့် ဖမ်းဆီးခံခဲ့ရသည်ဟု ဆန္ဒပြမှုကို ဦးဆောင်ပြုလုပ်သည့် Jewish Voice for Peace အဖွဲ့က ပြောကြားခဲ့သည်။ 

ဆန္ဒပြမှုတွင် ပါဝင်သည့် ဂျူးလူမျိုးများက ဂါဇာကို တိုက်ခိုက်နေသော အစ္စရေး၏ စစ်ပွဲကို ထောက်ခံသည့် ဂျူးလူမျိုးများထဲ၌ ၎င်းတို့ ပါဝင်ခြင်းမရှိကြောင်း ပြသသည့်အနေဖြင့် "ငါတို့ နာမည် မပါဘူး" ဟု ရေးသား ထားသည့်် စာတန်းများကို ရိုက်နှိပ်ထားသောအင်္ကျီများကို ဝတ်ဆင်ခဲ့ကြသည်။

ဂါဇာပျက်စီးမှုကိုတွေ့ရစဉ်

ထို့ပြင် လွှတ်တော် အဆောက်အအုံ၏ ဧည့်ခန်းမဆောင်တွင် ထိုင်သပိတ် ပြုလုပ်ချိန်အတွင်း "အပစ်အခတ် ရပ်စဲရေး" ဟု ရေးသားထားသည့် လက်ကိုင်ပိုစတာများကို ကိုင်ဆောင်ခဲ့ကြသည်။

ထို့ပြင် ဝါရှင်တန်မြို့တော်၏ လမ်းများပေါ်တွင် လူပေါင်း ၁၀,၀၀၀ ခန့် ချီတက်ဆန္ဒပြခဲ့သည်ဟုလည်း Jewish Voice for Peace အဖွဲ့က ပြောသည်။ 

"ပါလက်စတိုင်းတွေအပေါ် အစ္စရေး ဖိနှိပ်မှုမှာ အမေရိကန်ရဲ့ ပါဝင်မှု အခန်းကဏ္ဍကို အများပြည်သူတွေ အာရုံ စိုက်မိစေဖို့အတွက် ကျနော်တို့ဟာ လွှတ်တော်ကို ပိတ်ချခဲ့ပါတယ်" ဟု Jewish Voice for Peace အဖွဲ့က ယခင်က Twitter ဟု လူသိများခဲ့သည့် X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။ 

အမေရိကန် ရဲတပ်ဖွဲ့ကမူ အောက်တိုဘာ ၁၇ ရက် မွန်းလွဲပိုင်းတွင် လွှတ်တော်အတွင်းရှိ ထိုင်သပိတ် ဆင်နွှဲနေသူ များကို လူစုခွဲ ရှင်းလင်းခဲ့ပြီး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

 ဂျူးတက်ကြွ လှုပ်ရှားသူတွေကို ဖမ်းဆီးနေစဉ်

ဟားမာ့စ်တို့ စတင်တိုက်ခိုက်ခဲ့သည့် အောက်တိုဘာ ၇ ရက်ကတည်းက အစ္စရေးသည် လူဦးရေ ၂ ဒသမ ၃ သန်း ရှိသော ဂါဇာကမ်းမြောင်ဒေသကို အစားအစာ၊ သောက်သုံးရေ၊ လျှပ်စစ်ဓာတ်အားနှင့် ဆေးဝါးများ တင်သွင်းခွင့် ပိတ်ဆို့ခဲ့သည်။ 

လက်ရှိ အချိန်အထိ ဟားမာ့စ်တို့၏ တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် လူပေါင်း ၁၄၀၀ ထက်မနည်း သေဆုံးခဲ့ပြီး ၁၉၉ ဦးခန့် ပြန်ပေးဆွဲ ဖမ်းဆီးခံထားရသည်။

ဂါဇာတွင်မူ အစ္စရေး၏ ပြင်းထန်သည့် လေကြောင်း တိုက်ခိုက်မှုများကြောင့် လူပေါင်း ၃၄၀၀ ကျော် သေဆုံးခဲ့ သည်။

သေဆုံးသူများအနက် သုံးပုံတစ်ပုံသည် ကလေးသူငယ်များဖြစ်ကာ အဆောက်အအုံပေါင်းများစွာ ထိခိုက်ပျက်စီး ခဲ့သည်။ 

Source: အယ်လ်ဂျာဇီးယား