CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်ရေး မြန်မာနိုင်ငံ၌ ၎င်းတို့လိုလားသော အစိုးရ/အုပ်စု အာဏာရရှိရေးကို အမေရိကန်က တစ်စိုက်မတ်မတ် ဆောင်ရွက်နေသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်နေ့က ကျင်းပခဲ့သော နစက၏ အစည်းအဝေး(၅/၂၀၂၃)တွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ဝင်ရောက်စွက်ဖက်မှုများကို အမေရိကန် ဦးဆောင်သည့် အနောက်အုပ်စုမှ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့မှုများရှိကြောင်း၊ မြန်မာနှင့် အမေရိကန်သည် ရန်ဘက်နိုင်ငံများ မဟုတ်ကြောင်း၊ စစ်ဖြစ်ပွားဖူးခြင်းလည်း မရှိကြောင်း၊ ယုတ်ဆွအဆုံး အရှေ့တောင် အာရှတွင် အမေရိကန် ကျူးကျော်မှုကြောင့် ဖြစ်ပွားခဲ့သော ဗီယက်နမ်စစ်ပွဲ၌ပင် မြန်မာတို့ ပါဝင်ပတ်သက်မှု မရှိခဲ့ကြောင်း၊ သို့သော် ယနေ့ကာအထိ အမေရိကန် နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ရန်သူသဖွယ် သဘောထားခြင်းမှာ ကြီးမားသော နောက်ခံအ ကြောင်းရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွမ်းကို တွေ့ရစဉ်

အရှေ့တောင် အာရှဒေသတွင် အမေရိကန်ဦးဆောင်သော SEATO အဖွဲ့ကို ၁၉၅၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့ကြောင်း၊ ၎င်းအဖွဲ့၏ အဓိကရည်ရွယ်ချက်မှာ အရှေ့တောင်အာရှဒေသအတွင်း ကွန်မြူနစ်စနစ်မပြန့်ပွားရေးပင်ဖြစ် ကြောင်း၊ ၁၉၇၇ ခုနှစ်၊ ဇွန်လမှ ၎င်းအဖွဲ့ကို ဖျက်သိမ်းခဲ့ကြောင်း၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေပါ ပြည် နယ်များ ခွဲထွက်ခွင့်၊ ၎င်းအပေါ်မူတည်၍ ၁၉၆၁-၁၉၆၂ ခုနှစ်တွင် ဖြစ်လာသည့် ပြည်နယ်များ၏ တောင်းဆိုမှု များကို SEATO ဖြစ်စဉ်နှင့် ဆက်စပ်ကြည့်ပါက မြန်မာ့နိုင်ငံရေး၏ ရှုပ်ထွေးမှုကို သဘောပေါက်နိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ၎င်းတို့ဖြစ်စေချင်သည့် အတိုင်း မဖြစ်သည့်အခါ ၎င်းကဲ့သို့ မဖြစ်အောင် ကာကွယ်နိုင်သည့် အင်အားစုများကို ရန်ပြုခြင်းမှာ မြင်သာ သည့် အကြောင်းအရာပင်ဖြစ်ကြောင်း၊ ယခု လက်ရှိ အခြေအနေတွင်လည်း အမေရိကန် ဦးဆောင်သော အုပ်စု ၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်ရေး (China Contain ment Policy)ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၌ ၎င်းတို့လိုလားသော အစိုးရ/အုပ်စု အာဏာရရှိရေးကို တစ်စိုက်မတ်မတ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မရရှိခဲ့ပါက မြန်မာနိုင်ငံ၌ ကဏ္ဍပေါင်းစုံ မငြိမ်မသက်ဖြစ်အောင် ဆောင်ရွက်နေခြင်းဖြစ်သည်”ဟု ပြောသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံတမန်နဲ့ NUG ဝန်ကြီး ဒေါ်ဇင်မာအောင်ကို တွေ့ရစဉ်

ထို့နောက် အမေရိကန်နိုင်ငံ ကိုယ်တိုင်က အကြမ်းဖက်အဖွဲ့များကို ခေါင်းစဉ် အမျိုးမျိုး အကြောင်းအမျိုးမျိုးဖြင့် ကူညီနေကြောင်း၊ အိန္ဒိယ၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား စသော နိုင်ငံများသည် သမိုင်းအစဉ်အလာ အရ ရင်းနှီးသော မိတ်ဆွေ နိုင်ငံများဖြစ်ကြောင်း၊ သို့သော် အမေရိကန်၏ သြဇာလွှမ်းမိုးမှုကို မလွန်ဆန်နိုင် သော နိုင်ငံများက မိမိတို့နိုင်ငံအပေါ် ကုန်သွယ်မှု၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြကြောင်း၊ မိမိတို့သည် ဘဏ်စနစ်တစ်ခုဖြင့်သာ ရှင်သန်ရပ်တည် ကုန်သွယ်နေသည့် နိုင်ငံမဟုတ်ကြောင်း၊ မိမိတို့ အနေ ဖြင့် မိတ်ဆွေနိုင်ငံများ၊ အိမ်နီးချင်းမိတ်ဆွေနိုင်ငံများနှင့် လက်တွဲဆောင်ရွက်ခဲ့ရကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် အမေရိကန်နိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့သည် နစက အဖွဲ့ဝင်များ အပါအဝင် မြန်မာနိုင်ငံအစိုးရပိုင် ဘဏ်များကို ပိတ်ဆို့ အရေးယူထားသည်။

ထို့အနောက် အမေရိကန်အစိုးရသည် နစကနှင့် မြန်မာ့တပ်မတော် ဖြုတ်ချရေး ဆောင်ရွက်နေသည့် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAO)များကို ငွေကြေးနှင့် နည်းပညာများ ထောက်ပံ့ပေးလျက်ရှိသည်။

ထို့အပြင် မြန်မာနိုင်ငံမှာလည်း အမေရိကန်သံရုံးတွင် သံတမန်အဆင့်ကို လျှော့ချထားသည်။