CNI International News

ဘန်ကောက်ပို့စ်၊ နိုဝင်ဘာ ၁ 

ထိုင်းနိုင်ငံတွင် အာဏာရ ဖြူးထိုင်းပါတီ ခေါင်းဆောင်အဖြစ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) ကို ခန့်အပ်ခြင်းသည် ၎င်းအား ဝန်ကြီးချုပ် ဖြစ်လာစေရန် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်နိုင်သည်ဟု ထင်ကြေးပေး မှုများ ထွက်ပေါ်နေကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။ 

ထိုင်းတွင် လက်ရှိ ဝန်ကြီးချုပ်ရာထူး နေရာသည် သက်တမ်းမပြည့်မီ လစ်လပ်သွားမည်ဆိုပါက သို့မဟုတ် လာမည့် ရွေးကောက်ပွဲအပြီး၌ ပေတုန်တန်ကို ဝန်ကြီးချုုပ်နေရာအတွက် လျာထားဖွယ်ရှိသည်ဟု ကျယ်ကျယ် ပြန့်ပြန့် ယူဆခံထားရသည်။

ထို့ကြောင့် သက်ဆင်မိသားစုသည် ဖြူးထိုင်းပါတီအပေါ် ဆက်လက်ပြီး သြဇာလွှမ်းမိုးထားဖွယ် ရှိနေသည့် အချက်ကို မီးမောင်းထိုး ပြသရာ ရောက်ခဲ့သည်။

သက်ဆင်ရှင်နာဝပ်နဲ့ ပေတုန်တန် ရှင်နာဝပ်ကို တွေ့ရစဉ်

ပေတုန်တန်၏ဖခင် သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) သည် ဖြူးထိုင်းပါတီနှင့် ထိုင်းနိုင်ငံရေးလောက တွင် ဆယ်စုနှစ် နှစ်စုကျော်ကြာ လွှမ်းမိုးထားခဲ့ပြီး ယခုအချိန်သည် သက်ဆင်၏သမီးဖြစ်သူ ပေတုန်တန်က ပါတီကို ဦးဆောင်ရန် အချိန်ကျပြီဖြစ်ကြောင်း ထိုင်းနိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံရေးလောကကို သဘောထား ကွဲလွဲစေခဲ့သည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ဖြူးထိုင်းပါတီ အတွင်း တရားဝင် ရာထူးနေရာကို ရယူထားခြင်း မရှိသော်လည်း ထိုပါတီကို နောက်ကွယ်မှ ကြိုးကိုင်သည့် ခေါင်းဆောင်တစ်ဦးအဖြစ် ရှုမြင်ခံခဲ့ရသည်။ 

 လက်ရှိထိုင်း၀န်ကြီးချုပ် ဆရီသာနဲ့ ပေတုန်တန်ကို တွေ့ရစဉ်

သက်ဆင်သည် ပြည်ပြေးဘဝဖြင့် ပြည်ပတွင် ၁၅ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် ထိုင်းသို့ ပြန်လည်ရောက်ရှိခဲ့ကာ တရားရေး အမှုအခင်းများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ပေတုန်တန်သည် သက်ဆင်၏ ညီမ ယင်းလပ် ရှင်နာဝပ် (Yingluck Shinawatra) ၏ တူမတော်စပ်သူ ဖြစ်သည်။

ယင်းလပ်သည်လည်း ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ထို့ကြောင့် ပေတုန်တန်သည် ထိုင်းဝန်ကြီးချုပ် ဖြစ်လာပါက ထိုင်းနိုင်ငံကို ဦးဆောင်ရသည့် တတိယမြောက် ရှင်နာဝပ် မိသားစုဝင် ဖြစ်လာမည်ဖြစ်သည်။ 

Source: Thai PBS World