CNI International News

လန်ဆင်း၊ နိုဝင်ဘာ ၃ 

အစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ ရပ်တည်ချက်ကြောင့် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်များ၏ ထောက်ခံမဲများ ဆုံးရှုံးနိုင်မည့်အရေးကို ဒီမိုကရက်များက စိုးရိမ်နေကြသည် ဟု အေပီမှ ဖော်ပြခဲ့သည်။ 

အထူးသဖြင့် မီချီဂန် (Michigan) ပြည်နယ်မှ ဒီမိုကရက်များက ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ထိုပြည်နယ် အတွင်း၌ နေထိုင်သည့် အာရပ်-အမေရိကန် အသိုင်းအဝိုင်းသည် အစ္စရေးဘက်မှ ရပ်တည်နေသော ဘိုင်ဒန်ကို ထောက်ခံမဲများ ပေးဖွယ်မရှိသည့်အခြေအနေကို အိမ်ဖြူတော်အား သတိပေးခဲ့ကြသည်။

ထို့ကြောင့် အိမ်ဖြူတော်သည် မီချီဂန်ပြည်နယ်အတွင်းရှိ လူသိများထင်ရှားသည် ဒီမိုကရက်အချို့နှင့် တင်းမာမှု များ မြင့်တက်မည့် အခြေအနေကို ရှောင်လွှဲနိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် စီစဉ်လျက်ရှိသည်။ 

မီချီဂန်ပြည်နယ်အတွင်းရှိ ဒီမိုကရက်ခေါင်းဆောင် အချို့သည် အစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် ဘိုင်ဒန်၏ ရပ်တည် ချက်ကို ဝေဖန်ခဲ့ကြသူများ ဖြစ်သည်။ 

အမေရိကန်နိုင်ငံသားတွေကိုတွေ့ရစဉ်

မီချီဂန်ပြည်နယ်သည် ဝစ္စကွန်ဆင် (Wisconsin) နှင့် ပင်ဆယ်လ်ဗေးနီးယား (Pennsylvania) ပြည်နယ်တို့ အပါအဝင် "အပြာရောင် တံတိုင်း ပြည်နယ်များ" (Blue Wall states -ဒီမိုကရက်တစ်ပါတီကို ထောက်ခံသည့် အမာခံ ပြည်နယ်များ) ထဲတွင် ပါဝင်ပြီး ၂၀၂၀ ပြည့်နှစ်က ဘိုင်ဒန်ကို အနိုင်ရရှိစေရန် အဆုံးအဖြတ် ပေးနိုင်ခဲ့သည့် ပြည်နယ်များ ဖြစ်သည်။

သို့သော်လည်း လက်ရှိ အခြေအနေများအရ ဒီမိုကရက်တစ်ပါတီသည် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် လုံလောက်သည့် ထောက်ခံမဲများရရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

မကြာသေးမီ လများအတွင်းကလည်း မီချီဂန်ပြည်နယ်တွင် မော်တော်ယာဉ်လုပ်သားသမဂ္ဂက ဘိုင်ဒန်၏ ရွေးကောက်ပွဲ ကတိကဝတ်များ အကောင်အထည် မဖော်ခဲ့သည့်် အခြေအနေကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ထရမ့်သည် ထိုဆန္ဒပြမှုကို အခွင့်ကောင်းယူ၍ ဘိုင်ဒန်ကို ထိုးနှက်ခဲ့သည်။ 

မော်တော်ယာဉ်လုပ်သားများ ဆန္ဒပြစဉ်

လက်ရှိတွင် မော်တော်ယာဉ်လုပ်သားများ၏ ဆန္ဒပြမှုသည် ပြေလည်စွာ ညှိနှိုင်းနိုင်ခဲ့ပြီဖြစ်ပြီး အစ္စရေး-ဟားမာ့စ် စစ်ပွဲသည် ဘိုင်ဒန်အတွက် နောက်ထပ် နိုင်ငံရေး စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့သည်။ 

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွင်း အမေရိကန်ရှိ မွတ်ဆလင် မဲဆန္ဒရှင်များသည် ထရမ့်ထက် ဘိုင်ဒန်ကို ပိုပြီး ထောက်ခံခဲ့ကြသည်။ ထိုအချိန်က မွတ်ဆလင် မဲဆန္ဒရှင်များ၏ ဆန္ဒမဲပေးမှု ရာခိုင်နှုန်းအရ ဘိုင်ဒန်သည် ၆၄ ရာခိုင်နှုန်းရရှိခဲ့ပြီး ထရမ့်သည် ၃၅ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။ 

Source: အေပီ