CNI International News

ကိယက်ဗ်၊ နိုဝင်ဘာ ၄

ရုရှားသည် အောက်တိုဘာ ၃ ရက် နံနက်အစောပိုင်းက အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သဖြင့် ယူကရိန်းနိုင်ငံ အနောက်ပိုင်းနှင့် တောင်ပိုင်းရှိ အဓိက အခြေခံအဆောက်အအုံများကို ထိမှန်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုတိုက်ခိုက်မှုများကြောင့် ယူကရိန်း၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ခါကိဗ် (Kharkiv) မြို့ရှိ လူနေအိမ်ရာများ၊ စီးပွားရေး အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ယူကရိန်းအရာရှိများက ပြောကြားခဲ့သည်။

သီတင်းပတ်များစွာအတွင်း အပြင်းထန်ဆုံး ဒရုန်းတိုက်ခိုက်မှုအဖြစ် ယူကရိန်း အရှေ့မြောက်ပိုင်း ခါကိဗ်၊ တောင်ပိုင်းရှိ အိုဒက်ဆာ (Odesa) နှင့် ခါဆွန် (Kherson)၊ အနောက်ပိုင်းရှိ ပိုလန်နယ်စပ်အနီး လီဗစ် (Lviv) မြို့တို့ကို ရုရှားက Shahed ဒရုန်း အစင်း ၄၀ ဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းနိုင်ငံအတွင်းက အဆောက်အအုံများ တိုက်ခိုက်ခံရစဉ်

ထိုဒရုန်းများထဲမှ ဒရုန်း ၂၄ စင်းနှင့် X-59 ဒုံးကျည်တစ်စင်းကို ပစ်ချနိုင်ခဲ့သည်ဟု ယူကရိန်းလေတပ်က ပြောကြား ခဲ့သည်။

"ဆောင်းရာသီ ရောက်ကာနီးအချိန်မှာ ရုရှားတပ်ဖွဲ့တွေဟာ ကျနော်တို့ရဲ့ အခြေခံ အဆောက်အအုံတွေကို ပိုပြီး တိုက်ခိုက်လာပါလိမ့်မယ်။ ကျနော်တို့ဘက်ကလည်း ရန်သူကို တုန့်ပြန်တိုက်ခိုက်သွားမှာပါ"ဟု ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) က ပြောကြားခဲ့သည်။

ထို့ပြင် ယူကရိန်းစစ်တပ်သည် မတူကွဲပြားသည့် ဒေသ ၁၀ ခုတွင် လေကြောင်းကာကွယ်ရေးစနစ်များကို ဖြန့်ကြက်ချထားသည်ဟု ဇာလန်းစကီးက ထပ်လောင်း ပြောကြားခဲ့သည်။

ရုရှားနှင့် ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း ဒုတိယမြောက် ဆောင်းရာသီသို့ ရောက်ရှိလာခဲ့ချိန်တွင် မိမိတို့၏ စွမ်းအင် အခြေခံ အဆောက်အအုံများကို ရုရှားက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သော အခြေအနေအတွက် ကြိုတင် ပြင်ဆင်ထားသည်ဟုလည်း ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံအတွင်းက အဆောက်အအုံများ တိုက်ခိုက်ခံရစဉ်

လီဗစ်မြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအတွင်း အခြေခံ အဆောက်အအုံများသည် ယခင်ကထက် ၅ ဆ ပိုပြီး တိုက်ခိုက်ခံခဲ့ရသည်ဟု လီဗစ်မြို့ အုပ်ချုပ်ရေးမှူး မက်ဆင်မ် ကိုဇက်စကီး (Maksym Kozytskiy) က ပြောကြားခဲ့သော်လည်း ထိခိုက်ပျက်စီးမှု အသေးစိတ် အချက်အလက်ကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ရုရှား၏ နောက်ဆုံးအကြိမ် ဒရုန်းတိုက်ခိုက်မှုများကြာင့် ခါကိဗ်မြို့တွင် လူနေအိမ် ၈ လုံး၊ ၃ ထပ်တိုက် အဆောက်အအုံ ၁ လုံး၊ ကားအချို့နှင့် ကားဝပ်ရှော့ရုံ တစ်ရုံတို့ ထိခိုက် ပျက်စီးခဲ့သည်ဟု ယူကရိန်း ပြည်ထဲရေးဝန်ကြီး အိုင်ဟော် ကလီမန်ကို (Ihor Klymenko) က ပြောကြားခဲ့သည်။

Source: ရိုက်တာ