CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ မြို့နယ် ၆ မြို့နယ်နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)နယ်မြေအတွင်းက မြို့နယ် ၂ မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး ဒေသအဖြစ် သတ်မှတ်ကြောင်း နစက-က နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)နယ်မြေအတွင်းက မြို့နယ် ၂ ခုမှာ ကုန်းကြမ်းမြို့နယ်နှင့် လောက် ကိုင်မြို့နယ်တို့ဖြစ်သည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းကတော့ ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ သိန်းနီ စသည့် မြို့နယ် ၆ မြို့နယ်တို့ဖြစ်သည်။

အဆိုပါ ဒေသများ၌ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(MNDAA-AA-TNLA)နှင့် ဗမာပြည်သူ့လွတ် မြောက်ရေး တပ်တော်(BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ မန္တလေးပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့(PDF-MDY)တို့သည် ၁၀၂၇ စစ်ဆင်ရေးဟုဆိုကာ အောက်တိုဘာ ၂၇ ရက်နေ့က မြန်မာ့တပ်မတော်စစ်စခန်းများကို တိုက်ခိုက် သိမ်းပိုက်မှုများ ပြုလုပ်ခဲ့သည်။

လက်ရှိမှာလည်း နှစ်ဖက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး တော်လှန်ရေးအင်အားစုများဘက်က မြန်မာ့တပ်မတော် စစ်စခန်း ၁၀၀ ကျော်ကို သိမ်းပိုက်ထားသည်ဟု ထုတ်ပြန်ထားသည်။