CNI International News

လန်ဒန်၊ နိုဝင်ဘာ ၁၅

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဒေးဗစ် ကင်မရွန်း (David Cameroon) သည် ဗြိတိန်၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်ဟု ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူနက် (Rishi Sunak)၏ ရုံးက ထုတ်ပြန်ခဲ့ကြောင်း တာ့စ် သတင်းဌာနမှ ဖော်ပြခဲ့သည်။ 

"ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန်းအား နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးအဖြစ် ခန့်အပ်လိုက်သည်" ဟု ဗြိတိန်ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။ 

ကင်မရွန်းသည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ် ကလီဗာလေ (James Cleverly) ၏ နေရာတွင် အစားထိုး တာဝန် ထမ်းဆောင်မည်ဖြစ်ပြီး ကလီဗာလေသည် ပြည်ထဲရေးဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်မည် ဖြစ်သည်။

ကင်မရွန်းသည် အသက် ၄၄ နှစ်အရွယ် ၂၀၁၀ ပြည့်နှစ်က ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရပြီး ၁၈၁၂ ခုနှစ် နောက်ပိုင်း ဗြိတိန်၏ အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 

ကင်မရွန်းသည် ၂၀၀၅ ခုနှစ်ကတည်းက ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ 

သူသည် ၂၀၁၆ ခုနှစ် မတိုင်မီအထိ ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။

ပြည်ထဲရေးဝန်ကြီးအဖြစ် ပြောင်းလဲတာ၀န်ယူမည့် ကလီဗာလေကို တွေ့ရစဉ်

ကင်မရွန်းက သူသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့မည်ဆိုပါက ဥရောပသမဂ္ဂနှင့် ဗြိတိန် ခွဲရေး၊ တွဲရေး(Brexit) အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ကျင်းပပေးမည်ဟု ကတိပြုခဲ့သူ ဖြစ်သည်။

ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်ပါတီ အနိုင်ရရှိခဲ့ပြီးနောက် ကင်မရွန်းသည် သူ့ကတိအတိုင်း ဆန္ဒခံယူပွဲကို ကျင်းပပေးခဲ့သည်။ 

ထိုဆန္ဒခံယူပွဲတွင် ဥရောပသမဂ္ဂထဲမှ ဗြိတိန် နုတ်ထွက်လိုသည့် ထောက်ခံမဲများက အနိုင်ရရှိခဲ့သည်။

ထို့နောက် ဥရောပသမဂ္ဂနှင့် ဆက်လက် လက်တွဲလိုသည့် ကင်မရွန်းသည် ၂၀၁၆ ခုနှစ်တွင် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့သည်။ 

ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် ကင်မရွန်းသည် နိုင်ငံရေးလောကနှင့် ခပ်ကင်းကင်းနေခဲ့ကာ ပရဟိတ အလုပ်များကိုသာ လုပ်ဆောင်ခဲ့သည်။ 

ယခုတွင်မူ ကင်မရွန်းသည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် နိုင်ငံရေးလောကထဲကို တစ်ဖန်ပြန်လည် ဝင်ရောက် လာတော့မည် ဖြစ်သည်။

Source: တာ့စ်