CNI International News

တဲလ်အဗစ်၊ နိုဝင်ဘာ ၂၉

အစ္စရေးနှင့် ဟားမာ့စ်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို နိုဝင်ဘာ ၂၈ ရက်တွင် ထပ်မံ သက်တမ်းတိုးခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ဟားမာ့စ်အဖွဲ့က ၎င်းတို့ ဖမ်းဆီးထားသည့် ဓားစာခံများကို ပြန်လည်လွှတ်ပေးမည်ဟု ကတိပေးခဲ့သဖြင့် နိုဝင်ဘာ ၂၇ ရက်တွင် သက်တမ်းကုန်ဆုံးမည့် ၄ ရက်ကြာ အပစ်အခတ်ရပ်စဲရေးကာလအား သက်တမ်းတိုးခဲ့ခြင်း ဖြစ်သည်။ 

အစ္စရေးဘက်ကလည်း ၎င်းတို့ ဖမ်းဆီး အကျဉ်းချထားသည့် ပါလက်စတိုင်း အကျဉ်းသားများကို အကျဉ်းသား လဲလှယ်သည့် အနေနှင့် ပြန်လွှတ်ပေးမည်ဟု ကတိပြုခဲ့မှုနှင့်အတူ အပစ်အခတ်ရပ်စဲရေး ကာလအား နိုဝင်ဘာ ၂၉ ရက်အထိ သက်တမ်းတိုးရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ခြင်း ဖြစ်သည်။

အစ္စရေးစစ်တပ်ကိုတွေ့ရစဉ်

သို့သော် အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသကို ၁၆ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် ဟားမာ့စ်အဖွဲ့၏ အုပ်ချုပ်မှုကို အဆုံးသတ်ရန်နှင့် ဟားမာ့စ်အဖွဲ့၏ စစ်ရေးစွမ်းဆောင်ရည်များအား ချေမှုန်းရန် ကတိကဝတ်အတိုင်း ဆက်လက် လုပ်ဆောင်မည်ဟုလည်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) သည် ယခုသီတင်းပတ်အတွင်း အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက်မည်ဖြစ်ပြီး ထိုခရီးစဉ်သည် အစ္စရေး-ဟားမာ့စ် စစ်ပွဲစတင် ဖြစ်ပွားချိန်မှ စပြီး တတိယအကြိမ်မြောက် အရှေ့အလယ်ပိုင်းခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။

ဘလင်ကင်၏ ခရီးစဉ်အတွင်း သူသည် အပစ်အခတ်ရပ်စဲရေး ကာလကို သက်တမ်းတိုးရန်နှင့် ဟားမာ့စ်တို့ ဖမ်းဆီးထားသည့် ဓားစာခံများကို ပိုမိုလွှတ်ပေးရန် တိုက်တွန်းလိမ့်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်လျက် ရှိသည်။

စစ်ပွဲဒဏ်ရာလိုက်ခံရသော ဒေသကိုတွေ့ရစဉ်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အစိုးရအဖွဲ့ကမူ အစ်အခတ်ရပ်စဲရေးကာလ ပြီးဆုံးသည့်အချိန်တွင် အစ္စရေးအနေနှင့် ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်း အရပ်သား အများအပြား အိုးမဲ့အိမ်မဲ့ ဖြစ်နေနိုင်သည့် စစ်ဆင်ရေးများကို ရှောင်ကြဉ်ရန် တိုက်တွန်းထားကြောင်း အိမ်ဖြူတော်၏ အမည်မဖော်လိုသည့် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ထိုအချိန်အတောအတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) ကလည်း အစ္စရေးနှင့် ဟားမာ့စ်အကြား ကာလကြာရှည် တည်မြဲနိုင်မည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လုပ်ဆောင်ရန်နှင့် ဟားမာ့စ်တို့ ဖမ်းဆီးထားသည့် ဓားစာခံများအားလုံးကို ပြန်လည်လွှတ်ပေးရန် တောင်းဆို ခဲ့သည်။

Source: အေပီ