CNI International News

ဝါရှင်တန်၊ ဒီဇင်ဘာ ၄

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ စစ်ပွဲကို ထောက်ခံမှု ကြောင့် အမေရိကန်ရှိ မွတ်ဆလင် မဲဆန္ဒရှင်များ၏ ထောက်ခံမှုအား ဆုံးရှုံးရဖွယ်ရှိသည်ဟု ရိုက်တာမှ ဖော်ပြခဲ့ သည်။

ဘိုင်ဒန်ကို ဆန့်ကျင်ရန် အမေရိကန် မွတ်ဆလင် အသိုင်းအဝိုင်းက ဆော်သြလျက်ရှိနေသည်။ 

သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်ပါတီအကြား အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် ပြည်နယ်ခြောက်ခု၌ နေထိုင်သည့် မွတ်ဆလင် အမေရိကန် ခေါင်းဆောင်များက ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင် အခြား ကိုယ်စားလှယ်လောင်းတစ်ဦးကို ထောက်ခံရန် ရွေးချယ်ရခြင်း မရှိသေးပေ။

ထိုပြည်နယ်ခြောက်ခုသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲက ဘိုင်ဒန်ကို အနိုင်ရရှိစေခဲ့သည့် အနည်းငယ်သော ပြည်နယ်များထဲတွင် ပါဝင်ခဲ့သည်။

အမေရိကန်-အစ္စလာမ်မစ် ဆက်ဆံရေး ကောင်စီ၏ ညွှန်ကြားရေးမှူး ဂျေလာနီ ဟူစိန်ကိုတွေ့ရစဉ်

သို့သော် မွတ်ဆလင်နှင့် အာရပ် အမေရိကန် အသိုင်းအဝိုင်း၏ ဆန့်ကျင်မှုသည် လာမည့်နှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ ဘိုင်ဒန်၏ သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များကို ရှုပ်ထွေးစေမည် ဖြစ်သည်။

"ကျနော်တို့မှာ ရွေးချယ်စရာ နှစ်ခုတည်း မဟုတ်ပါဘူး။ ရွေးစရာ အများကြီးရှိပါတယ်" ဟု မင်နီဆိုးတား (Minnesota) ပြည်နယ်၏ အမေရိကန်-အစ္စလာမ်မစ် ဆက်ဆံရေး ကောင်စီ၏ ညွှန်ကြားရေးမှူး ဂျေလာနီ ဟူစိန် (Jaylani Hussein) က မီချီဂန် (Michigan) ပြည်နယ် ဒီးယားဘွန်း (Dearborn) မြို့တွင် ပြုလုပ်သည့်် သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။

ဟူစိန်သည် ဘိုင်ဒန်အား ထောက်ခံရန် ရှိ/မရှိ မေးမြန်းခံရချိန်တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ၎င်းတို့အနေနှင့် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) ကိုလည်း ထောက်ခံမည် မဟုတ် ကြောင်းနှင့် မွတ်ဆလင် အသိုင်းအဝိုင်းသည် အခြား ကိုယ်စားလှယ်လောင်းများကို ထောက်ခံရေးအတွက် ဆုံးဖြတ်သွားမည်ဟု ဟူစိန်က ထပ်လောင်း ပြောကြားခဲ့သည်။

မီချီဂန်၊ အရီဇိုးနား (Arizona) ၊ ဝစ္စကွန်ဆင် (Wisconsin) ၊ ပန်ဆယ်ဗေးနီးယား (Pennsylvania) နှင့် ဖလော်ရီဒါ (Florida) ပြည်နယ်များတွင် ဂါဇာဒေသကို တိုက်ခိုက်နေသော အစ္စရေးကို ထောက်ခံသည့် ဘိုင်ဒန်အား ဆန့်ကျင် ကန့်ကွက်ကြောင်း ပြသသည့်အနေဖြင့် ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

Source: ရိုက်တာ