CNI International News

ဝါရှင်တန်၊ ဒီဇင်ဘာ ၈

ယူကရိန်းအတွက် စစ်ရေးအကူအညီပေးမည့် အစီအစဉ်ကို ထောက်ခံရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) က ဒီဇင်ဘာ ၆ ရက်တွင် လွှတ်တော်အား တိုက်တွန်း ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့ သည်။ 

ထို့ပြင် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) သည် ယူကရိန်းတွင် ဆင်နွှဲနေသည့် စစ်ပွဲကို ရပ်တန့်လိမ့် မည်မဟုတ်ဘဲ နေတိုးမဟာမိတ်အဖွဲ့နှင့်လည်း ထိပ်တိုက်တွေ့နိုင်ကြောင်း ဘိုင်ဒန်က သတိပေးခဲ့သည်။

ဘိုင်ဒန်က သူ့အနေနှင့် ယူကရိန်းအား စစ်ရေး အထောက်အပံ့အတွက် ဒေါ်လာ ၆၀ ဘီလျံတန်ကြေးရှိ အကူအညီ ပေးရေး အစီအစဉ်ကို ပိတ်ဆို့ထားသည့် ရီပတ်ဘလစ်ကန်များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် အသင့် ပြင် ထားသည်ဟုလည်း ပြောကြားခဲ့သည်။ 

အမေရိကန်လွှတ်တော်ကို တွေ့ရစဉ်

"ယူကရိန်းကို ကူညီပေးမယ့် အစီအစဉ်ကို စောင့်ဆိုင်းလို့ မရနိုင်ပါဘူး။ ရှင်းရှင်းပြောရမယ်ဆိုရင် ဒီလို အခြေအနေ မျိုးမှာ ရီပတ်ဘလစ်ကန်တွေက ပူတင်ကို အခွင့်အရေးပေးနေသလို ဖြစ်နေတာဟာ ယုံကြည်နိုင်စရာမရှိပါဘူး"ဟု ဘိုင်ဒန်က ပြောသည်။

ဘိုင်ဒန်သည် ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelensky)အပြင် စက်မှုထိပ်သီး ၇ နိုင်ငံ (G-7)မှ ခေါင်းဆောင်များနှင့် ဗွီဒီယိုဆက်သွယ်မှုမှတစ်ဆင့် အစည်းအဝေးပြုလုပ်ခဲ့သည်။

ထို့နောက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်ခဲ့သည့် ရုရှား၏ ကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နေသည့် ယူကရိန်း အတွက် အကူအညီများ တိုးမြှင့်ပေးရန် ဆွေးနွေးခဲ့ကြသည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးနဲ့ ယူကရိန်းစစ်ဦးစီးချုပ်ကိုတွေ့ရစဉ်

ယူကရိန်းသမ္မတ ဇာလန်းစကီးကမူ ရုရှားသည် လာမည့်နှစ်အတွင်း အနောက်နိုင်ငံများ၏ စည်းလုံးညီညွတ်မှု ပြိုကွဲမည့် အခြေအနေကို စောင့်ဆိုင်းနေပြီး ရှေ့တမ်းစစ်မျက်နှာပြင်တွင် ဖိအားများကို မြှင့်တင်နေကြောင်း သတိပေးခဲ့သည်။

ဘိုင်ဒန်ကလည်း ယူကရိန်းစစ်ပွဲတွင် ရုရှားအနိုင်ရသွားမည်ဆိုပါက ပူတင်သည် ရပ်တန့်နေမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

"တကယ်လို့ သူ (ပူတင်) သာ ယူကရိန်းစစ်ပွဲမှာ အနိုင်ရမယ်ဆိုရင် နေတိုးမဟာမိတ်တွေကို ဆက်ပြီး တိုက်ခိုက် ပါလိမ့်မယ်။ အမေရိကန်စစ်သားတွေနဲ့ ရုရှားစစ်သားတွေ တိုက်ခိုက်နေတဲ့ အခြေအနေမျိုးကို ကျနော်တို့ မလို ချင်ပါဘူး" ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။ 

Source: ဘန်ကောက်ပို့စ်