CNI International News

ဝါရှင်တန်၊ ဇူလိုင် ၁၀

လစ်သူရေးနီးယားနိုင်ငံတွင် ကျင်းပမည့် နေတိုးညီလာခံ၌ ယူကရိန်းကို အဖွဲ့(နေတိုး)ထဲသို့ ဝင်ခွင့်ပြု/မပြုမှာ အဓိကပြဿနာ ဖြစ်လိမ့်မည်ဟု အေပီက ရေးသားဖော်ပြခဲ့သည်။

ရှေ့အလားအလာမှာလည်း ယူကရိန်းကို ရုရှားကျူးကျော်မှုမှာ အဆုံးသတ်ဖို့ မမြင်သေးပေ။

ယခုရက်သတ္တပတ် လစ်သူရေးနီးယား(Lithuania)နိုင်ငံ၊ ဗီလ်နီးယပ်စ်(Vilnius) တွင် ကျင်းပမည့် နှစ်ပတ်လည် ညီလာခံတွင် နေတိုး(NATO)အဖွဲ့ကြီးမှာ ဖိအားအသစ်များနှင့် ရင်ဆိုင်ရဖို့ ရှိနေသည်။

အလားတူ ကမ္ဘာ့အကြီးဆုံး လုံခြုံရေးအဖွဲ့ကြီးမှာ ဆွီဒင်ကို ၃၂ နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် လက်ခံရေး သဘောတူ ညီမှုရဖို့ အပြင်းအထန် ညှိနှိုင်းရမည် ဖြစ်သည်။ 

အဖွဲ့ဝင်နိုင်ငံများ၏ စစ်သုံးစရိတ်မှာ အရှည်မျှော်မှန်းလာခဲ့သည့် ရည်မှန်းချက်များအတွက်မူ ချို့တဲ့နေသည်။

နောက်ဆက်ခံမည့် နေတိုးခေါင်းဆောင် ဘယ်သူဖြစ်သင့်လဲဆိုသည့် အချက်တွင်လည်း ညှိမရကြသေးသော ကြောင့် လက်ရှိ အတွင်းရေးမှူးချုပ်ကိုပင် မဖြစ်မနေ သက်တမ်းတစ်နှစ် ထပ်တိုးရတော့မည် ဖြစ်သည်။ 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ နေတိုးအထွေထွေအတွင်းရေးမှူးချုပ်ကို တွေ့ရစဉ်

အခက်အခဲဆုံး မေးခွန်းမှာ ယူကရိန်းကို ဘယ်လိုပုံစံနှင့် နေတိုးထဲ ဝင်ခွင့်ပြုသင့်သလဲဆိုသည့် ပြဿနာပင် ဖြစ်သည်။ 

တချို့က ယူကရိန်းကို ဝင်ခွင့်ပြုခြင်းမှာ နှစ်များစွာက ပေးထားခဲ့သည့် ကတိကို တည်ခြင်းဖြစ်ပြီး အရှေ့ဥရောပ အပေါ် ရုရှား၏ အန္တရာယ်ကို ဟန့်တားရန်အတွက်လည်း လိုအပ်ချက်တစ်ခုအဖြစ် ရှုမြင်ကြသည်။

တချို့ကမူ ယူကရိန်းကို ဝင်ခွင့်ပြုလိုက်လျှင် ရုရှားကို ရန်စသလိုဖြစ်ပြီး ပဋိပက္ခ ပိုမိုကြီးထွားလာမည်ကို စိုးရိမ်နေ ကြသည်။ 

CNN နှင့် အင်တာဗျူးတစ်ခုတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းမှာ နေတိုးအဖွဲ့ဝင်ဖြစ်ရန် အဆင်သင့် မဖြစ်သေးဟု ပြောကြားခဲ့သည်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကနေ တခြားကျယ်ပြန့်တဲ့ ကိစ္စတွေအထိ သတ်မှတ်ထားသည့် စံနှုန်းများ ပြည့်မှီမှ ဝင်ခွင့်ပြုသင့်သည်ဟု ၎င်းက ပြောကြားသွားခဲ့သည်။ 

အမေရိကန်ပြည်ထောင်စု အနေဖြင့် အစ္စရေးမှာကဲ့သို့ ယူကရိန်းကိုလည်း သူတို့ကိုသူတို့ ကာကွယ်လာနိုင်သည် အထိ ရေရှည် အကူအညီ ပေးသွားသင့်သည်ဟု ဘိုင်ဒန်က ထပ်လောင်း ပြောကြားသွားခဲ့သည်။ 

ရုရှားသမ္မတ ပူတင်ကိုတွေ့ရစဉ်

နေတိုးမိတ်ဆွေများကြားတွင် ကွဲပြားမှုမှာ မရှိဖူးသည်တော့ မဟုတ်ပါ။ ဒေါ်နယ်ထရန့်က သူ့သမ္မတ သက်တမ်း အတွင်း အဖွဲ့ကြီးကို ကျောခိုင်းတော့မည်ဟု ပြောခဲ့စဉ်က ဖိအားများနှင့် နှိုင်းယှဉ်လျှင် ယခုဖြစ်ရပ်မှာ မပြော ပလောက်ပါ။ 

သို့သော် ဘိုင်ဒန်နှင့် သူ၏မဟာမိတ်များက ညီညွတ်ကြဖို့ အသည်းအသန် လှုံ့ဆော်နေချိန်တွင် လက်ရှိပြဿနာ များ ပေါ်ပေါက်လာခြင်းပင် ဖြစ်ပါသည်။ 

သမ္မတ အိုဘားမား လက်ထက်က အမေရိကန်၏ နေတိုးသံအမတ်ကြီးဖြစ်ခဲ့သူ ဒေါက်ကလပ်လု (Douglas Lute)က “ဘယ်လို အက်ကြောင်း၊ ဘယ်လို ကွဲပြားမှုလေးပဲဖြစ်ဖြစ် အဖွဲ့ကြီးကို ဆန့်ကျင်နေသူတွေအတွက် အခွင့်အရေး ဖြစ်လိမ့်မယ်”ဟု ပြောသည်။ 

ယူကရိန်းတွင် ရပ်တည်ဖို့ ရုန်းကန်နေရပြီး ဝဂ်နာကြေးစားစစ်တပ်၏ အခိုက်အတန့် ပုန်ကန်မှုကဲ့သို့သော နိုင်ငံရေး အကျပ်အတည်းများကို ရင်ဆိုင်နေရသည့် ရုရှားသမ္မတ  ပူတင်ကမူ နေတိုးအကွဲအပြဲကို အမြတ်ထုတ်ဖို့ စိတ်အားထက်သန်နေမည်မှာ မလွဲပင်ဖြစ်သည်။

Source: အေပီ