CNI International News
မော်စကို၊ ဒီဇင်ဘာ ၉

အနောက်နိုင်ငံများသည် ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်းတို့အပေါ် ကျူးလွန်နေသည့် အစ္စရေး၏ လူမျိုးသုဉ်း သတ်ဖြတ်မှုကို ထောက်ခံပေးနေကြောင်း အီရန်သမ္မတ အီဘရာဟင် ရိုင်စီ (Ebrahim Raisi) က ဒီဇင်ဘာ ၇ ရက်တွင် စွပ်စွဲခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ရာအီစီသည် ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်တွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) နှင့် တွေ့ဆုံပြီး အစည်းအဝေး ပြုလုပ်ချိန်၌ အထက်ပါအတိုင်း စွပ်စွဲခဲ့ခြင်း ဖြစ်သည်။

ပူတင်သည် ယူအေအီးနှင့် ဆော်ဒီအာရေဗျနိုင်ငံများသို့ သွားရောက်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ကရင်မလင် (Kremlin) နန်းတော်၌ ရိုင်စီကို ကြိုဆိုခဲ့ကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ 

ရုပ်သံမှ ထုတ်လွှင့်သည့် မှတ်ချက်စကားများအတွင်း ပူတင်နှင့် ရိုင်စီတို့သည် နှစ်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆာင်ရွက်မှုများကို မြှင့်တင်ရေးကို ရည်ညွှန်းပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသ၏ အခြေအနေ၊ အထူးသဖြင့် ပါလက်စတိုင်း နယ်နိမိတ်များတွင် ဖြစ်ပွားနေသည့် အခြေ အနေများကို ဆွေးနွေးမှုသည် အလွန်အရေးကြီးကြောင်း ပူတင်က ပြောသည်။

ရိုင်စီကလည်း ပါလက်စတိုင်းနှင့် ဂါဇာတွင် ဖြစ်ပွားနေသည့် အခြေအနေများသည် လူမျိုးသုဉ်း သတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သည့် ရာဇဝတ်မှုများဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထိုဖြစ်စဉ်များကို အမေရိကန်နှင့် အနောက်နိုင်ငံများက ထောက်ခံနေသည်မှာ ဝမ်းနည်းစရာ ပိုကောင်းသည်ဟု ပြောကြားခဲ့သည်။

အီရန်သည် အစ္စရေး-ဟားမာ့စ် စစ်ပွဲတွင် ဟားမာ့စ်အဖွဲ့ကို ထောက်ခံပေးထားသည်။ ရုရှားကမူ အရှေ့အလယ်ပိုင်း ဒေသတွင် ဟားမာ့စ်နှင့် အစ္စရေး အပါအဝင် အဓိကကျသည့် နိုင်ငံများနှင့် ဆက်ဆံရေးများရှိနေပြီး အောက်တိုဘာလက မော်စကိုတွင် ဟားမာ့စ်ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့သဖြင့် အစ္စရေး၏ ဝေဖန်မှုကို ခံခဲ့ရသည်။

အစ္စရေး-ဟားမာ့စ် စစ်ပွဲကြောင့် ယူကရိန်းတွင် စစ်ပွဲဆင်နွှဲနေသည့် ရုရှား၏ စစ်ပွဲအပေါ် နိုင်ငံတကာ၏ အာရုံစိုက် မှု ပြောင်းလဲသွားခဲ့ပြီး ရုရှားအတွက် ပါလက်စတိုင်းတို့ဘက်မှ ရပ်တည်သည့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဆက်ဆံရေး များ ပိုမိုနီးစပ်စေရန် လုပ်ဆောင်ခွင့် ရရှိခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အစ္စရေးကမူ လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်များကို ယခင်ကတည်းက ငြင်းဆိုထားပြီး ၎င်းတို့၏ လုပ်ဆောင် ချက်များသည် ဟားမာ့စ်အဖွဲ့ကို ပစ်မှတ်ထားခြင်းဖြစ်ပြီး အရပ်သားများကို ပစ်မှတ်ထားခြင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။

Source: ရိုက်တာ