CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၂

နစကနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့(MNDAA၊ TNLA၊ AA) တို့ တွေ့ဆုံဆွေးနွေးမှုမှတဆင့် တော်လှန်ရေးမှာ အပြောင်းအလဲ ဖြစ်လာနိုင်သလားဆိုသည့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်လျက်ရှိနေသည်။

တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော် မတီ (NSPNC)နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တိုက်ပွဲများရပ်တန့်ရေး တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတစ်ခုလုံးနှင့် ပတ်သက်ပြီး တည်ငြိမ်သည့် အခင်းအကျင်းကို ဝိုင်းဝန်းစဉ်းစားစေလိုကြောင်း၊ လက်ရှိ လူထု အနေဖြင့်လည်း ငြိမ်းချမ်းသည့် တိုင်းပြည်ကို လိုလားကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်ကတော့ ငြိမ်းချမ်းရေးကို လက်ခံတယ်ဗျ၊ မြန်မာနိုင်ငံ တစ်ခုလုံးနဲ့ ပတ်သက်တဲ့ တည်ငြိမ် အေးချမ်းတဲ့ အခင်းအကျင်းကြီး တစ်ခုလုံးကို အားလုံးစဉ်းစားစေချင်တယ်၊ တရုတ်ရော၊ အိန္ဒိယရောပေါ့ဗျာ၊ ဒါမျိုး ပူးပေါင်း ကူညီစဉ်းစားပေးစေချင်တယ်၊ ဘယ်လိုတည်ငြိမ်အေးချမ်းတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုအဖြစ် ရှေ့ဆက်သွားကြမှာလဲ။ လွတ်လပ်ရေးအလွန် ၇၅ နှစ်ကျော်ကာလ တိုင်းရင်းသားများရဲ့ လက်နက်ကိုင်ပဋိပက္ခ အားလုံးကို ချုပ်ငြိမ်းနိုင်မယ့် နိုင်ငံရေး အပေးအယူတစ်ခုကို လက်ရှိ SAC ဘက်က ရဲရဲဝံ့ဝံ့ ညှိနှိုင်းတိုင်ပင်ရင်တော့ ဖြင့် မြန်မာနိုင်ငံအတွက် ရလဒ်ကောင်းတစ်ခု ထွက်ပေါ်လာနိုင်တာပေါ့၊ အဲဒီရလဒ်ဟာ အလွန်တရာမှ ထူးခြားရင် တော့ဖြင့် ပြည်ထောင်စုတပ်မတော်ကြီးတစ်ခု အဖြစ်လည်း အသွင်ပြောင်းသွားနိုင်တာပေါ့၊ အနာဂတ်မျိုးဆက် သစ်တွေအတွက် တည်ငြိမ်အေးချမ်းပြီးမှ ငြိမ်းချမ်းတဲ့၊ ဖွံ့ဖြိုးတဲ့နိုင်ငံ အသစ်တစ်ခုကိုတော့ဖြင့် လိုလားတယ်ဆိုတဲ့ ဘက်က ပိုများမယ်ထင်ပါတယ်။ အဲဒါကြောင့် ဒီကာလဟာ စစ်ကိုမုန်းတဲ့ကာလဖြစ်ဖို့လိုတယ်၊ စစ်ရဲ့ ဒဏ်ရာဒဏ် ချက်ကနေ တည်ငြိမ်အေးချမ်းပြီးမှ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအသစ်တစ်ခုကို လိုချင်တဲ့ လူထုဆန္ဒတစ်ခု ပေါ်ထွန်း လာရင်တော့ဖြင့် SAC သည်လည်းကောင်း၊ ခုနက တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး ခေါင်းဆောင်များ  သည်လည်းကောင်း၊ အနာဂတ်မျိုးဆက်သစ်အတွက် အမွေကောင်းတစ်ခုကို ပေးနိုင်တဲ့ ကာလဆိုတာကို ယုံယုံ ကြည်ကြည်သာ ညှိနှိုင်းတိုင်ပင် နိုင်မယ်ဆိုရင် ငြိမ်းချမ်းမှုဖြစ်စဉ် အသစ်တစ်ခု ခိုင်ခိုင်မာမာ ပေါ်ထွန်းလာနိုင်ပါ တယ်။ အဲဒီလို ပေါ်ထွန်းလာရင် လူထုကတော့ ဝမ်းပန်းတသာကြိုဆိုကြမှာဗျ” ဟု ပြောသည်။

MNDAA-AA-TNLA တို့နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲကြောင့် လောက်ကိုင်မြို့မှ ထွက်ပြေးလာသူများ ကိုတွေ့ရစဉ်

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်က ညီနောင်မဟာမိတ်သုံးဖွဲ့မှ ၁၀၂၇ စစ်ဆင်ရေးတစ်ခုကို စတင်ခဲ့ပြီးနောက် ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် မြန်မာ့တပ်မတော်နှင့် ညီနောင်မဟာမိတ်(MNDAA-AA-TNLA) ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေသည်။

အဆိုပါ တိုက်ပွဲများကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်လျက်ရှိနေသလို ဒေသခံ အများစုမှာ လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက် ရှိနေသည်။

နှစ်ဖက်ဆွေးနွေးမှုမှတဆင့် တိုက်ပွဲများ ရပ်တန့်သွားပါက တိုက်ပွဲရှောင်များအတွက် အဆင်ပြေသွားနိုင်သလို လမ်းတံတားများ ပြန်ဆောက်ပေးနိုင်ပါက ကုန်သွယ်ရေးအတွက် ပိုမိုကောင်းမွန် လာမည်ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒါက တိုက်ပွဲလျော့တာဖြစ်ဖြစ်၊ ရပ်တာဖြစ်ဖြစ် ပဋိပက္ခနည်းရင် လူထု အထိအခိုက် အသေပျောက် သက်သာတာပေါ့ဗျာ၊ အကယ်၍ အဲဒီကြားမှာ တရုတ်ကလည်း လမ်းတံတားတွေ၊ ပြန်ဆောက်ပေးမယ်၊ ပြန်လုပ် ပေးမယ်ဆိုရင်တော့ လူထု သွားရေးလာရေး၊ စစ်ပြေး၊ စစ်ရှောင်တွေအတွက်လည်း နည်းနည်း အခြေအနေ ပြန် ကောင်းနိုင်တာပေါ့၊ မဟုတ်ရင်တော့ ပြေးနေရှောင်နေရတာ ကြာလာရင် ဆောင်းတွင်းမှာ မလွယ်ဘူး။ ရိက္ခာ တစ်ခု၊ အနွေးထည်တစ်ခု၊ ဆေးဝါးတစ်ခု၊ စောစောစီးစီး ပြေလည်ရာ ပြေလည်ကြောင်း ဖြစ်ရင်တော့ စစ်ပြေးစစ် ရှောင်တွေအတွက် အများကြီး သက်သာတာပေါ့၊ ဒီတစ်ဆောင်းကို ဖြတ်ကျော်ဖို့အတွက် အများကြီး နည်းနည်း ဝန်ထုတ်ဝန်ပိုး ပေါ့သွားတာပေါ့၊ မဟုတ်ရင်တော့ ဒီတစ်ဆောင်းမှာ တော်တော်လေး မြောက်ပိုင်းပြည်သူတွေ ထိခိုက်နိုင်တယ်ဗျ၊ ပဋိပက္ခဆက်သွားရင်တော့” ဟု ပြောသည်။

သိန်းနီမြို့မှာ လက်နက်ကြီးကျရောက်လို့ နေအိမ်များ မီးလောင်နေစဉ်

ညီနောင်မဟာမိတ်သုံးဖွဲ့၏ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် လက်ရှိ တစ်လကျော် ကြာမြင့်လာသည့်တိုင် ရပ်တန့် နိုင်ခြင်း မရှိသေးဘဲ နှစ်ဖက်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေသည်။

အဆိုပါ စစ်ဆင်ရေးမှာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် သာမကဘဲ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်လည်း ဖြစ်ပွားလျက်ရှိနေသလို ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မှာလည်း မြန်မာ့တပ်မတော်နှင့် AA တို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ MNDAA-AA-TNLA မှ ကိုယ်စားလှယ်များနှင့် နစက၏ NSPNC မှ ကိုယ်စားလှယ် တွေ့ဆုံဆွေးနွေးပြီးနောက် ဒီဇင်ဘာ ၁၁ ရက်မှ ၃၁ ရက်နေ့အထိ ယာယီ အပစ်ရပ်စဲထားရန် သဘောတူညီမှု ရရှိခဲ့ကြောင်း နှစ်ဖက်ကိုယ်စားလှယ်များနှင့်နီးစပ်သူများက ပြောသည်။