CNI International News 

ဘန်ကောက်၊ ဒီဇင်ဘာ ၁၈

ဝန်ကြီးချုပ်အဖြစ် ၉ နှစ်တာ တာဝန်ယူခဲ့ပြီးနောက် သြဂုတ်လအတွင်းက ရာထူးမှအနားယူသွားခဲ့သည့် အငြိမ်းစား ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ (Prayut Chan-o-cha) သည် ထိုင်းဘုရင်၏ အကြံပေးများက ဖွဲ့စည်းထားသည့် Privy Council ၏ နောက်ဆုံးအဖွဲ့ဝင် ဖြစ်လာခဲ့ကြောင်း တော်ဝင်အမိန့်ပြန်တမ်းတွင် ဖော်ပြခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။

ထိုင်းဘုရင် မဟာ ဝဇီယာလောင်ကွန်း (Maha Vajiralongkorn) သို့မဟုတ် ဒဿမမြောက် ရာမ ဘုရင် (Rama X) က ညွှန်ကြားချက်ဖြင့် ပရာယွတ်အား ကောင်စီဝင်အဖြစ် ခန့်အပ်မှုကြောင့် Privy Council အဖွဲ့ဝင်သည် ၁၉ ဦး အထိ ရှိလာခဲ့သည်။ 

ထို့ကြောင့် လက်ရှိတွင် Privy Council အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံခဲ့ရသူ အရေအတွက် စုစုပေါင်းသည် ၂၃ ဦးအထိ ရှိလာခဲ့သည်။

ထိုအထဲတွင် ရာထူးမှ ထွက်ခွာသွားသူများ၊ သေဆုံးသူများ၊ နုတ်ထွက်သူများ၊ တော်ဝင်မိသားစု၏ ထုတ်ပယ် ခံခဲ့သူများ ပါဝင်ခဲ့သည်။ 

ထိုင်းဘုရင်နဲ့ ပရာယွတ်ကို တွေ့ရစဉ်

Privy Council သည် ထိုင်းဘုရင်အား အကြံပေးရသည့် အဖွဲ့အစည်းတစ်ခုအဖြစ် တာဝန်ထမ်းဆောင်ရသည့် ကောင်စီတစ်ခု ဖြစ်သည်။ 

ထိုကောင်စီဝင်များကို ဘုရင်က ရွေးချယ်ခန့်အပ်ခြင်း ဖြစ်သည်။ ထိုကောင်စီသည် ဥက္ကဋ္ဌတစ်ဦးနှင့် ကောင်စီဝင် အရေအတွက် ၁၈ ဦးထက်မပိုသည့် အဖွဲ့အစည်းဖြစ်ရမည်ဟု ပြဋ္ဌာန်းထားသည်။ 

Privy Council အစည်းအဝေးခန်းမသည် ဘန်ကောက်မြို့တော်ရှိ Grand Palace နန်းတော်အနီး ဆာရန်ရွန် တော်ဝင် ဥယျာဉ် (Saranrom Royal Garden) တွင် တည်ရှိသည်။ 

ထိုင်းနိုင်ငံ၏ ပထမဆုံး Privy Council ကို ဥရောပရှိ ဘုရင်စနစ်ကျင့်သုံးသည့် နိုင်ငံများ၏ Privy Council များ အတိုင်း ထိုင်းဘုရင် ချူလာလောင်ကွန်း (Chulalongkorn) သို့မဟုတ် ပဉ္စမမြောက် ရာမ ဘုရင် (Rama V) က ၁၈၇၄ ခုနှစ်၊ မေလတွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ပရာယွတ်ကို တွေ့ရစဉ် 

ထိုအချိန်က ထိုင်းနိုင်ငံဟု အမည်မတွင်မီ Siam ဟု အမည်တွင်သည့် နိုင်ငံဖြစ်သည်။

Privy Council ၏ တာဝန်များထဲတွင် နိုင်ငံအတွက် လိုအပ်လာသည့် အချိန်တွင် ရင်ခွင်ပိုက် အစိုးရခန့်အပ်မှု၊ ထီးနန်းဆက်ခံမှုကို အသိအမှတ်ပြု ထောက်ခံရေး လုပ်ငန်းစဉ်များ ပါဝင်သည်။

ထို့ပြင် Privy Council အဖွဲ့ဝင်များသည် ဘုရင်က သတ်မှတ်ခဲ့သည့် တာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ရမည်ဖြစ်ပြီး ထိုတာဝန်နှင့် ဝတ္တရားများထဲတွင် ဘုရင် သို့မဟုတ် တော်ဝင်မိသားစုကိုယ်စား အလုပ် တာဝန်များကို ကိုယ်စား ထမ်းဆောင်မှုများလည်း ပါဝင်သည်။