CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၁

မိမိတို့၏ နိုင်ငံတော်ကို စည်းလုံးညီညွတ်စွာ ထိန်းသိမ်းကာကွယ် နိုင်စွမ်းမရှိပါက ဖရိုဖရဲပြိုကွဲသွားနိုင်သကဲ့သို့ လိုသလို ပုံသွင်းလွှမ်းမိုးချုပ်ကိုင်မှုများ ကြုံတွေ့ရနိုင်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နေ့က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေ အနုပညာပွဲတော် ဖွင့်ပွဲ အခမ်းအနားမှာ အထက်ပါအတိုင်း ပြောသွားခြင်း ဖြစ်သည်။

အင်အားကြီးနိုင်ငံတချို့သည် ဖွံ့ဖြိုးဆဲ နိုင်ငံများကို ၎င်းတို့၏ သြဇာခံပုဆိန်ရိုးများ၊ ကြိုးဆွဲခံရုပ်သေးရုပ်များနှင့် ထိုးဖောက်ဝင်ရောက်ပြီး လူမျိုးရေး၊ ဘာသာရေးမှိုင်းတိုက်ကာ မီးမွှေးဆောင်ရွက်နေမှုများ၊ မတည်မငြိမ် က မောက်ကမဖြစ်အောင် လုပ်ကြံဖန်တီးမှုမျိုးစုံနှင့် သွေးထိုးမြှောက်ပင့်ပေးနေကြကြောင်း၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးဆိုသည့် စကားလုံးများကို ရောင်းကုန်ပစ္စည်းကဲ့သို့ သဘောထားပြီး လိုသလိုပုံဖော် ဖိအားပေး အကြပ်ကိုင်မှုများနှင့် နည်းလမ်းပေါင်းစုံ၊ အကြံအစည် ပေါင်းစုံအသုံးပြုပြီး ၎င်းတို့၏သြဇာလောင်းရိပ်အောက် သွတ်သွင်းရန် ကြိုးစားနေကြသည်ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ယခုကဲ့သို့ အခြေအနေတွင် မိမိတို့ကဲ့သို့ နိုင်ငံငယ်များအနေဖြင့် မိမိတို့၏ နိုင်ငံတော်ကို စည်းလုံးညီညွတ်စွာ ထိန်းသိမ်းကာကွယ် နိုင်စွမ်းမရှိပါက ဖရိုဖရဲပြိုကွဲ သွားနိုင်သကဲ့သို့ ၎င်းတို့ အလိုကျ လိုသလိုပုံသွင်း လွှမ်းမိုးချုပ်ကိုင်မှုများ ကြုံတွေ့ရနိုင်ပါကြောင်း၊ ၎င်းတို့ လက်အောက်ခံ၊ သြဇာခံဖြစ် သွားနိုင်သည်ကိုလည်း အလေးအနက် သတိပြုကြရန် သတိပေးမှာကြားလိုပါတယ်”ဟု ပြောသည်။

ပြည်ထောင်စုလှေကိုတွေ့ရစဉ်

ယခုအချိန်တွင် ကိုလိုနီဘဝနယ်ချဲ့တို့၏ သွေးခွဲသပ်လျှိုအုပ်ချုပ်မှု၏ အကျိုးဆက်သည် တိုင်းရင်းသားများကြား တွင် ယနေ့အချိန်ထိ ကျန်ရှိနေဆဲဖြစ်သည်ကို မိမိတို့အားလုံး သတိပြုရမည်၊ ထို့ကြောင့် နိုင်ငံတော်ပြိုကွဲပျက်စီး မှု မဖြစ်စေရေး ဝိုင်းဝန်းကာကွယ် ဆောင်ရွက်ပေးကြရန်နှင့် ခေတ်သစ် ကိုလိုနီဝါဒ၏ လုပ်နည်းလုပ်ဟန်များကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး အသိတရား၊ သတိတရား၊ လက်ကိုင်ထားပေးကြရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ကမ္ဘာကြီး၏ မျက်မှောက်အခြေအနေ အရပင်ဖြစ်စေ၊ မိမိတို့နိုင်ငံ၏ ပကတိ အရှိ တရားအရဖြစ်စေ ပြည်ထောင် စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးသည် အလိုအပ်ဆုံးနှင့် အဖြစ်သင့်ဆုံး အမျိုးသားရေး ရည်မှန်းချက်၊ အမျိုးသားရေး ပန်းတိုင်၊ အမျိုးသားရေးတာဝန်ပင် ဖြစ်သည်”ဟု ပြောသည်။

လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်နှင့် နစကကို ဖြုတ်ချရေး တိုင်းရင်းသားလက်နက်ကိုင် တချို့နှင့် NLD အမတ်များ ဦးဆောင်သော NUG၊ PDF များက လက်နက်ကိုင် တိုက်လိုက်လျက်ရှိနေသည်။

ထို့နောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၊ ရက္ခိုင့်တပ်တော်(AA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ် တော်(BPLA)၊ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MDY-PDF)၊ ဗိုလ်နဂါး၏ PDF တပ်ဖွဲ့တို့သည် ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်၍ တပ်မတော် စစ်စခန်းများနှင့် မြို့သိမ်း တိုက်ပွဲများ ဆင်နွှဲနေသည်။

နမ့်ခမ်းကို သိမ်းပြီးနောက် TNLA တပ်ဖွဲ့၀င်များကို တွေ့ရစဉ် (SPM News)

အဆိုပါ ၁၀၂၇ စစ်ဆင်ရေးကို တရုတ်က နောက်ကနေ ထောက်ပံ့ပေးနေခြင်း သို့မဟုတ် ခွင့်ပြုပေးလိုက်ခြင်း ကြောင့် ဖော်ပေါက်လာခြင်း ဖြစ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ပြောသည်။

အလားတူ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး တို့တွင်လည်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KI A)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ AA၊ NUG လက်အောက်ရှိ PDF များ၊ NUG လက်အောက်မှာမရှိသည့် PDF  တို့သည် မြန်မာ့ တပ်မတော် စစ်စခန်းများနှင့် မြို့သိမ်း တိုက်ပွဲများ ဆင်နွှဲလျက်ရှိသည်။

ထိုတိုင်းဒေသကြီးနှင့် ပြည်နယ်တွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခ၏ နောက်ကွယ်၌ အမေရိကန်နှင့် အနောက်အုပ်စုများ ပါဝင် ပတ်သက်နေသည်ဟု စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ပြောသည်။