CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂

တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက် ထောက်ခံကျင့်သုံးမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့က သဘောထား ထုတ်ပြန် ကြေညာခဲ့သည်။

NUG ၏ တရုတ်နိုင်ငံဆိုင်ရာ သဘောထားဟုဆိုကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

NUG က “ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် နယ်နိမိတ်အားဖြင့် ကီလိုမီတာ နှစ်ထောင်ကျော် ထိစပ်လျက်ရှိပြီး၊ ကမ္ဘာတည်သရွေ့ အတူယှဉ်တွဲ နေထိုင်သွားရမည့် အိမ်နီးချင်းနိုင်ငံများဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံကြား စစ်မှန်သည့် ဆွေမျိုး-ပေါက်ဖော် ဆက်ဆံရေး တည်ဆောက်သွားမည်။ တရုတ်နိုင်ငံအတွက် အိမ်နီးချင်းကောင်း ဖြစ်ရေး မြန်မာနိုင်ငံက အမြဲကြိုးပမ်း ရပ်တည်မည်”ဟု ထုတ်ပြန်ခဲ့ သည်။

ထို့နောက် တရုတ် တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက် ထောက်ခံကျင့်သုံးမည်၊ နှစ်နိုင်ငံ ပြည်သူများ၏ အကျိုး စီးပွားဖြစ်ထွန်းရေးကို မျှော်ရည်လျှက် မြန်မာနိုင်ငံတွင်းရှိ တရုတ်နိုင်ငံ၏ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများနှင့် အခြားလူမှုစီးပွားလုပ်ငန်းများ၏ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်မည်ဟု NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

အလားတူ အိမ်နီးချင်းနိုင်ငံများ၏ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေသည့် မည်သည့်အဖွဲ့အစည်းကိုမျှ မြန်မာ့ပိုင်နက်အတွင်း အခြေချခွင့်မပြုဟု NUG က ထုတ်ပြန်ပြောကြားခဲ့သည်။

NUG တွင် တာဝန်ထမ်းဆောင်နေကြသူများသည် တရုတ်၏ ပြိုင်ဘက် အမေရိကန်နှင့် ဥရောပနိုင်ငံများတွင် ခိုလှုံနေကြရသလို အထောက်အပံ့များ ရယူနေရသည့်တိုင် တရုတ်အလိုကျ သဘောထား တစ်ရပ်ကို ထုတ်ပြန် လိုက်ခြင်းက သံတမန်ဆက်ဆံရေး မှာ ကျရှုံးသွားနိုင်သည်ဟု နိုင်ငံလေ့လာသုံးသပ်သူများက ထောက်ပြကြ သည်။

ထို့ပြင် ထိုင်ဝမ်အရေးကြောင့် အမေရိကန်၊ ဂျပန်တို့နှင့် တရုတ်အကြား သံတမန်ဆက်ဆံရေး တင်းမာနေချိန်မှာ ဒီမိုကရေစီတော်လှန်ရေးကို ဆောင်ရွက်နေသည့် NUG အနေဖြင့် ဘဝတူ ထိုင်ဝမ်ကို မထောက်ခံဘဲ တရုတ် အား ထောက်ခံခြင်းကလည်း သံတမန်ဆက်ဆံရေးကို မပါးနပ်ကြောင်း ပြသနေသည်ဟု ၎င်းတို့က ထောက်ပြ ကြသည်။