CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့(MNDAA-TNLA-AA)တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တတိယအကြိမ် တွေ့ဆုံ ဆွေးနွေးကြမည် ဟု နှစ်ဖက်စလုံးမှ နီးစပ်သူများထံကနေ သိရသည်။

အဆိုပါ တတိယအကြိမ် တွေ့ဆုံ ဆွေးနွေးမှုကို ဇန်နဝါရီ ၇-၈-၉ ရက်နေ့များတွင် ကျင်းပမည် ဖြစ်သည်။

ပထမအကြိမ် တွေ့ဆုံမှုကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာပထမအပတ်အတွင်း ကျင်းပခဲ့ပြီး ဒုတိယတွေ့ဆုံမှုကိုတော့ ဒီဇင်ဘာ ၂၃-၂၄ ရက်များက ကျင်းပခဲ့ကြသည်။ 

ထိုသို့ တွေ့ဆုံစဉ် အချိန် ၁၀ မိနစ်ခန့်သာ ကြာမြင့်ကြောင်းနှင့် မည်သည့် သဘောတူညီချက်မှ မရရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့မှ ခေါင်းဆောင်များကို တွေ့ရစဉ်

သို့သော် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် NSPNC တို့ဖြင့် နီးစပ်သူများကတော့ တွေ့ဆုံချိန်သည် နာရီ ၅၀ ကျော် ရှိကြောင်း၊ ပထမ တစ်ကြိမ် တွေ့ဆုံစဉ်က ယာယီအပစ်ရပ်ရန် နှစ်ဖက် လက်မှတ်ထိုးခဲ့ကြောင်း၊ ဒုတိယအကြိမ် တွေ့ဆုံမှုတွင် နယ်မြေတောင်းဆိုမှုများအပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “ စုစုပေါင်း ဆွေးနွေးပွဲ ၂ ကြိမ် လုပ်ပြီးပြီ၊ တတိယအကြိမ် လုပ်ဖို့ရှိတယ်။ ပြီးခဲ့တဲ့ ဆွေးနွေးပွဲ ၂ ကြိမ်မှာ ဆွေးနွေးပွဲကြာချိန် နာရီ ၅၀ ကျော်ရှိတယ်။ ပထမအကြိမ်က အပစ်ရပ်ဖို့လုပ်တာ သုံးဖွဲ့လက်မှတ်ထိုးတယ်”ဟု ပြောသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့သည် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ် မတော်(PLA)၊ ဗိုလ်နဂါးဦးဆောင်သော အဖွဲ့၊ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MDY-PDF)၊ ကရင်နီအမျိုး သားကာကွယ်ရေးတပ်ဖွဲ့(KNDF)တို့ဖြင့် ပူးပေါင်း၍ ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက် တွင် စတင်ဖော်ဆောင်ခဲ့သည်။

ထို့နောက် နမ့်ခမ်း၊ သီပေါ၊ သိန္နီ၊ ချင်းရွှေဟော်၊ ကြူကုတ်၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ လောက်ကိုင်၊ ကွတ်ခိုင်၊ မိုင်းငေါ့၊ ဖောင်းဆိုင်၊ မုံးကိုး စသည့် မြို့နယ်များရှိ တပ်မတော် စစ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်လျက်ရှိ သလို မြို့နယ် တချို့ကိုလည်း ထိန်းချုပ်ထားသည်။

အဆိုပါ တိုက်ပွဲများ ရပ်တန့်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် NSPNC နှင့် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့(MNDAA-AA-TNLA)ကြား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်မှ ၉ ရက်နေ့အထိ တတိယအကြိမ် တရုတ်နိုင်ငံ မှာ တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။