CNI News 
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၆

တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်သွားလိုသည်ဟု ပြည်ထဲရေးဝန်ကြီးလည်းဖြစ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ (NSPNC)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။

တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး Mr. Wang Xiaohong နှင့် အွန်လိုင်းကနေ ဇန်နဝါရီ ၅ ရက်နေ့က တွေ့ဆုံ ဆွေးနွေးစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က “ နှစ်နိုင်ငံ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးအား နက်ရှိုင်းသွားလိုပြီး မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို အစွမ်းကုန် ကာကွယ်စောင့်ရှောက် သွားလိုတယ်”ဟု ပြောသည်။

ထို့နောက် Mr. Wang Xiaohong က တရုတ်နိုင်ငံသည် အမြဲတစေ မဟာဗျူဟာမြောက် အမြင်ဖြင့် တရုတ်- မြန်မာ ဆက်ဆံရေးကို ရှုမြင်ဖော်ဆောင်နေကြောင်း ပြန်လည် ပြောကြားခဲ့သည်ဟု တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ဇန်နဝါရီ ၅  ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး မစ္စတာစွန်းဝေတုန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

၎င်းက “ မြန်မာနိုင်ငံနှင့်အတူ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ အရေးပါ သဘောတူညီချက်များကို အတူတကွ အကောင်အထည်ဖော်ဆောင်ကာ တရားဥပဒေ စိုးမိုးရေးနှင့်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို ဘက်စုံ နက်နက်ရှိုင်းရှိုင်း ဖော်ဆောင်သွားလိုကြောင်း၊ ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှု ပြစ်မှုကျူးလွန်မှုများ တိုက်ဖျက်ရေးနှင့် အရေးပါမှုကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှုများကို အတွင်းကျကျ ဆောင်ရွက်၍ တရုတ်- မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်သွားလိုတယ်”ဟု ပြောသည်။

ထို့နောက် တရုတ်ဝန်ထမ်းများနှင့် စီမံကိန်းများ ဘေးကင်းလုံခြုံမှုကို အာမခံကာ တရုတ်-မြန်မာ အေးအတူပူအ မျှ အသိုက်အဝန်း တည်ဆောက်မှုကို စဉ်ဆက်မပြတ် ဖော်ဆောင်သွားလိုကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန် ကြီး Mr. Wang Xiaohong က ပြောကြားခဲ့သည်။

လက်ရှိ တရုတ်-မြန်မာ နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA-TNLA-AA တို့ ဦးဆောင်၍ ၁၀၂၇ စစ် ဆင်ရေးကို ဖော်ဆောင်ကာ မြန်မာ့တပ်မတော် စစ်စခန်းများနှင့် မြို့နယ်များ သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေခြင်း ကြောင့် နှစ်ဖက် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။

 

မြောက်ပိုင်းသုံးဖွဲ့ခေါင်းဆောင်များနှင့် ဒုဗိုလ်ချုပ်ကြီးမင်းနိုင်ကို တွေ့ရစဉ်

အဆိုပါ တိုက်ပွဲများ ရပ်တန့်နိုင်ရေးအတွက် နစက၏ NSPNC နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(MNDAA-AA-TNLA)တို့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၇-၈-၉ ရက်များက ပထမအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြသလို ဒီဇင်ဘာ ၂၃-၂၄ ရက်များက ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

သို့သော် တစ်စုံတစ်ရာ သဘောတူညီချက်မရခဲ့၍ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၇-၈-၉ ရက်များတွင် တတိယအကြိမ် တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။

တခြား တစ်ဖက်မှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး မစ္စတာစွန်းဝေတုန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇန်နဝါရီ ၅ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြသေးသည်။