CNI International News

ဝါရှင်တန်၊ ဇန်နဝါရီ ၁၂ 

အမေရိကန်နိုင်ငံ၊ အိုင်အိုဝါ (Iowa) ပြည်နယ်မှ ရီပတ်ဘလစ်ကန် လယ်သမားများက ဒေါ်နယ်ထရမ့် (Donald Trump)ကို သမ္မတရွေးကောက်ပွဲတွင် အနိုင်ရစေရန် ဆန္ဒရှိနေကြသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထရမ့်သည် အမေရိကန်၏ စိုက်ပျိုးရေးထွက်ကုန်များကို ထိခိုက်မှုရှိနေစေနိုင်သည့် ကုန်သွယ်ရေးစစ်ပွဲအကြောင်း ကို ပြောဆိုခဲ့သည့်တိုင် ၎င်းတို့အစိုးရလက်ထက်က လယ်ယာကဏ္ဍအတွက် ငွေကြေးအများအပြား သုံးစွဲပေးခဲ့ ခြင်းကြောင့် ဖြစ်သည်။

လယ်သမားများသည် ထရမ့်အား ထောက်ခံမဲပေးသော ခိုင်မာသည့် နိုင်ငံရေးအင်အားစုဖြစ်သည်။

Reuters/Ipsos မှ ပြုလုပ်သည့် လူထုသဘောဆန္ဒ ကောက်ခံမှုစစ်တမ်းတွင် ထရမ့်သည် ရီပတ်ဘလစ်ကန် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရန် ရေပန်းစားနေသော ကိုယ်စားလှယ်လောင်းများထဲတွင် ထောက်ခံမှုနှုန်း ၄၉ ရာခိုင်နှုန်းအထိ ရရှိ ထားသည်ဟု ဖော်ပြခဲ့သည်။

 

ဒေါ်နယ်ထရမ့် လယ်သမားတွေနဲ့တွေ့ဆုံပွဲလုပ်နေစဉ်

"လယ်သမားတွေအတွက် ဒေါ်လာ ၂၈ ဘီလျံ သုံးစွဲပေးခဲ့ပါတယ်" ဟု ဇန်နဝါရီ ၆ ရက်က အိုင်အိုဝါပြည်နယ် ကလင်တန် (Clinton) မြို့တွင် ပြုလုပ်ခဲ့သည့် မဲဆွယ်စည်းရုံးပွဲတွင် ထရမ့်က ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်များက တရုတ်၊ မက္ကဆီကို၊ ကနေဒါနိုင်ငံတို့နှင့် ဖြစ်ပွားခဲ့သည့် ကုန်သွယ်ရေးစစ်ပွဲများ ကြောင့် အမေရိကန်၏ လယ်ယာထွက်ပစ္စည်း ပို့ကုန်ကဏ္ဍ ထိခိုက်ခဲ့ပြီးနောက် ထရမ့်အစိုးရအဖွဲ့သည် လယ်ယာ ကဏ္ဍအတွက် ဒေါ်လာ ၂၈ ဘီလျံ သုံးစွဲပေးခဲ့ခြင်းဖြစ်သည်။

ထိုမတိုင်မီက ငွေကြေးဖောင်းပွမှုကို ထိန်းညှိရာတွင် လယ်သမားများအတွက် ငွေကြေး အများအပြားသုံးစွဲခဲ့သည့် တစ်ခုတည်းသောကာလမှာ ၁၉၈၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဖြစ်သည်။

ထိုအချိန်က လယ်ယာမြေနှင့် သွင်းကုန်၊ ပို့ကုန် တန်ဖိုးများ ဖောင်းပွမှုကြောင့် လယ်ယာမြေ အကျပ်အတည်း ဖြစ်ခဲ့ရသည့် အချိန်ဖြစ်သည်။

ဒေါ်နယ်ထရမ့် လယ်သမားတွေနဲ့တွေ့ဆုံပွဲလုပ်နေစဉ်

၂၀၂၄ ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် အမေရိကန်၏ လက်ရှိ လယ်ယာလုပ်ငန်း စီးပွားရေးသည် မရေရာသည့် အခြေအနေနှင့် ကြုံတွေ့နေရပြီး ထုတ်လုပ်ရေးကဏ္ဍနှင့် အလုပ်သမားဌားရမ်းသည့် ကဏ္ဍများတွင် အသုံးစရိတ် များ မြင့်တက်မှု၊ အတိုးနှုန်း မြင့်တက်မှုတို့နှင့် ရင်ဆိုင်နေရသည်။

ထို့ပြင် ပို့ကုန်၊ သွင်းကုန် ဈေးနှုန်းများ လျော့ကျမှု၊ အစိုးရ၏ တိုက်ရိုက် ထောက်ပံ့မှုအပိုင်းတွင် အားနည်းမှုတို့ ကြောင့် ၂၀၂၃ ခုနှစ်က လယ်ယာလုပ်ငန်းမှ ရရှိသည့် ဝင်ငွေသည် ၂၀ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း အမေရိကန် စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာန (USDA) က ထုတ်ပြန်ခဲ့သည်။

Source: ရိုက်တာ