CNI International News

နယူးဒေလီ၊ မတ်လ ၂၃ 

အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) က ဒီမိုကရေစီအပေါ်ထားရှိသည့် အိန္ဒိယ၏ ခိုင်မာသည့် ကတိကဝတ် များကို မတ်လ ၂၀ ရက်နေ့တွင် အလေးထားပြောဆိုခဲ့သည်ဟု Big News Network သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

အိန္ဒိယသည် မိမိတို့ နိုင်ငံသား ၁ ဒသမ ၄ ဘီလျံအတွက် ပြင်းပြသည့် ဆန္ဒနှင့် ရည်မှန်းချက်များကို ဖြည့်ဆည်း ပေးရုံသာမကဘဲ ကမ္ဘာပေါ်တွင် ဒီမိုကရေစီကို ကယ်တင်သူများကိုလည်း အထောက်အကူ ပြုပေးနေကြောင်း မိုဒီက ပြောကြားခဲ့သည်။

လာမည့်လတွင် ပြုလုပ်မည့် လွှတ်တော် ရွေးကောက်ပွဲများနှင့်ပတ်သက်ပြီး မိုဒီက ကမ္ဘာကြီးအနေဖြင့် အကြီးမား ဆုံး ဒီမိုကရေစီပွဲတော်ကြီးကို မြင်တွေ့ရလိမ့်မည်ဖြစ်ပြီး ပြည်သူများသည် ဒီမိုကရေစီအပေါ် ၎င်းတို့၏ ခိုင်မာသည့် ယုံကြည်မှုကို နောက်တစ်ကြိမ် ပြသလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မိုဒီသည် မတ်လ ၂၀ ရက်တွင် တောင်ကိုရီးယားက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဒီမိုကရေစီညီလာခံကို ဗွီဒီယို ဆက်သွယ်မှုမှတစ်ဆင့် တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ထိုညီလာခံသည် ကမ္ဘာတစ်ဝန်းရှိ ဒီမိုကရေစီနိုင်ငံများအကြား အတွေ့အကြုံများကို ဖလှယ်ရန်နှင့် တစ်နိုင်ငံ၏ အတွေ့အကြုံများကို အခြားနိုင်ငံများက လေ့လာသင်ယူနိုင်ရန်အတွက် အဓိကကျသည့် ပလက်ဖောင်းတစ်ခု ဖြစ်သည်ဟု မိုဒီက ပြောကြားခဲ့သည်။

ယခင်က အမေရိကန်မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလေ့ရှိသည့် ဒီမိုကရေစီညီလာခံ၏ တတိယအကြိမ်မြောက် ညီလာခံကို ယခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

ပြည်သူများ၏ ပြင်းပြသည့် ရည်မှန်းချက်များကို ဖြည့်ဆည်းပေးရာတွင် ဒီမိုကရေစီ၏ အောင်မြင်မှုများအား မိုဒီက အလေးထား ပြောဆိုခဲ့ပြီး နိုင်ငံတကာ စနစ်များနှင့် အင်စတီကျူးရှင်းများကို ဘက်ပေါင်းစုံပါဝင်မှု၊ ဒီမိုကရေစီ ဆန်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် တရားမျှတမှုများ ပိုရှိစေရန် လုပ်ဆောင်သင့်သည်ဟုလည်း တိုက်တွန်းခဲ့သည်။

ထို့ပြင် အိန္ဒိယသည် ရှေးခေတ်ကာလများကတည်းက ကျိုးပျက်ခဲ့ခြင်းမရှိသည့် ဒီမိုကရေစီ ယဉ်ကျေးမှုရှိခဲ့သည်။

ဒီမိုကရေစီသည် အိန္ဒိယယဉ်ကျေးမှု လူ့အဖွဲ့အစည်း၏ အသက်သွေးကြော တစ်ခုဖြစ်ကြောင်း မိုဒီက ပြောကြားခဲ့ သည်ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဒီယာ ဂျိုင်စဝယ် (Randhir Jaiswal) က ပြောကြားခဲ့သည်။

Source: Big News Network