CNI International News

ကိယက်ဗ်၊ မေလ ၁၃

အနောက်နိုင်ငံများ၏ ကူညီထောက်ပံ့မှုများ ရှိနေသည့်တိုင် ယူကရိန်းစစ်တပ်သည် ရုရှားတပ်ဖွဲ့များ၏ အဆက် မပြတ် လေကြောင်းတိုက်ခိုက်မှုများကို ရင်ဆိုင်နေရသဖြင့် လေကြောင်းကာကွယ်ရေး စနစ်များတွင် ခဲယမ်း ပြတ်လပ်လာခဲ့သည်ဟု Sputnik သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ယူကရိန်း၏ ဝေဟင်(ကောင်းကင်ယံ)တွင် ရုရှားဒရုန်းများကို ပစ်ချမည့် နယ်စပ်ဖြတ်ကျော် လေယာဉ်ပစ်တပ်ဖွဲ့ ထားရှိမည့် အနောက်အုပ်စု၏ အိုင်ဒီယာကို ဂျာမန်လွှတ်တော်အမတ်အချို့က အတည်ပြုခဲ့ပြီး ဖြစ်သည်။

“ဒါဟာ ယူကရိန်းလေကြောင်းကာကွယ်ရေး တပ်ဖွဲ့တွေအပေါ် ကျရောက်နေတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျော့ကျ စေနိုင်ပြီး ရှေ့တန်းစစ်မြေပြင်ကို ကာကွယ်ဖို့ ပိုမိုအာရုံစိုက် လုပ်ဆောင်နိုင်ပါလိမ့်မယ်” ဟု ဂျာမနီ၏ ခရစ်ယာန် ဒီမိုကရက်တစ်သမဂ္ဂ (CDU) ပါတီမှ ဟိုဒရစ် ကီဆယ်ဗက်တာ (Roderich Kiesewetter) က ပြောကြားခဲ့ကြောင်း Frankfurter Allgemeine Zeitung သတင်းစာက ဖော်ပြခဲ့သည်။

ဒရုန်းတစ်စင်းကို စစ်သားတစ်ဦးလွှင့်တင်နေစဉ်

ဧပြီလအတွင်းက အစ္စရေးအား အီရန်က ဒုံးကျည် အများအပြားဖြင့် တိုက်ခိုက်ခဲ့ချိန်တွင် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့က အစ္စရေးအား ကူညီပေးခဲ့သည့် ဖြစ်စဉ်သည် အခြားနိုင်ငံများအနေဖြင့် ပဋိပက္ခအတွင်းသို့ တိုက်ရိုက် ပါဝင်ရန်မလိုဘဲ သွယ်ဝိုက်ပါဝင်နိုင်သည့် အခြေအနေကို ပြသရာရောက်ကြောင်း ကီဆယ်ဗက်တာက ပြောကြားခဲ့ သည်။

Alliance 90/The Greens ပါတီမှ အက်ဂနိစ်ကာ ဘော်ဂါ (Agnieszka Brugger) ကလည်း ယူကရိန်းနှင့် နယ်စပ် ခြင်း ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများ၏ နယ်စပ်များတွင် လေကြောင်းကာကွယ်ရေး စခန်းများ ထူထောင်မှု သည် အဆင်ပြေကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် ဂျာမနီ၏ အနောက်ပိုင်းဒေသများကို ကာကွယ်ပေးနိုင် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ပိုလန်နဲ့ ရိုမေးနီးယားနိုင်ငံတွေက ယူကရိန်းလေကြောင်း ကာကွယ်ရေးကဏ္ဍကို ရေရှည်မှာ လျစ်လျူရှုမထားသင့် ပါဘူး။ ဒါပေမယ့် ဒီကိစ္စဟာ လတ်တလော အချေအတင် ဆွေးနွေးရမယ့် ကိစ္စမဟုတ်သေးပါဘူး။ ဘာလို့လဲဆို တော့ ယူကရိန်းကို စစစ်လက်နက် ပစ္စည်းတွေနဲ့ ခဲယမ်းတွေကို ထောက်ပံ့ပေးဖို့ကို ဦးစားပေး လုပ်ဆောင်သင့်လို့ ဖြစ်ပါတယ်”ဟု  ဘော်ဂါ၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် အန်တန် ဟိုဖိုင်တာ (Anton Hofreiter) က ပြောကြားခဲ့ သည်။

လေကြောင်းရန် ကာကွယ်ရေးစနစ်ကို တွေ့ရစဉ်

ယူကရိန်းနယ်စပ်ဒေများရှိ လေပိုင်နက်ကို အဓိက အာရုံစိုက်သင့်ကြောင်း နေတိုးအဖွဲ့ဝင်များ၏ နယ်နိမိတ်အတွင်း လေကြောင်းကာကွယ်ရေးစခန်းများ ထားရှိခြင်းဖြင့် ထိုလေပိုင်နက်ကို ကာကွယ်ရမည်ဖြစ်ကြောင်း Free Democratic ပါတီမှ မားကပ်စ် ဖေဘာ (Marcus Faber) က ပြောကြားခဲ့သည်။

နေတိုးမဟာမိတ်နိုင်ငံများနေဖြင့် ပိုလန်နိုင်ငံ၏ နယ်နိမိတ် အတွင်းမှတဆင့် ယူကရိန်းကောင်းကင်ယံပေါ်ရှိ ရုရှား ဒုံးကျည်များနှင့် ဒရုန်းများကို ပစ်ချရန် များပြားသည့်  Patriot လေကြောင်း ကာကွယ်ရေးစနစ်များကို အသုံးပြု သင့်ကြောင်း မြူးနစ်လုံခြုံရေး ညီလာခံတွင် သုတေသီတစ်ဦးဖြစ်သည့် နီကို လန်ဂီ (Nico Lange) က ပြောကြားခဲ့ သည်။

နီကိုလန်ဂီသည် Tagesschau TV သတင်း အစီအစဉ်နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးမှာ အထက်ပါ အတိုင်း ပြောကြားခဲ့ပြီးနောက် ဂျာမန် လွှတ်တော်အမတ်အချို့၏ မှတ်ချက်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

Source: Sputnik