CNI News

၂၀၂၄ ခုနှစ်၊ မေလ ၁၇

ရခိုင်ပြည်နယ်အတွင်းက ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ နစကနှင့် အာရက္ခတပ်တော် (AA) တို့ ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲဆိုသည့်အပေါ်  ရခိုင်နိုင်ငံရေးသမားများနှင့် ပြည်တွင်း နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်လျက်ရှိ နေသည်။

ယခုနှစ် အစောပိုင်းကာလမှ စတင်ကာ ဘင်္ဂါလီအရေး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာခဲ့ပြီး လူမျိုးရေးပဋိပက္ခ ဦးတည်မှာကို စိုးရိမ်မှုများလည်း ရှိနေကြသည်။

အဆိုပါ ကိစ္စမှာ လွတ်လပ်ရေး ရပြီးကတည်းက ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း၊ ပဋိပက္ခဖြေရှင်းနိုင်ရေးမှာ နစက နှင့် AA အပေါ်တွင် မူတည်မည်ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းကို တွေ့ရစဉ်

၎င်းက “ဘူးသီးတောင်၊ မောင်တောဘက်မှာ စစ်ရေးအရ တိုက်ပွဲဝင်နေတဲ့ AA တို့ကလည်း ဘင်္ဂါလီတွေကို စည်းရုံးနေတဲ့ သဘောရှိပါတယ်။ နောက် နစကဘက်ကလည်းပဲ ကိုယ့်ရပ်ရွာ၊ ကိုယ့်ဒေသကို ကိုယ်တို့ကိုယ်တိုင် ကာကွယ်ဖို့အတွက် စစ်သင်တန်းပေးနေတယ် ရပ်ရွာကာကွယ်ရေးအတွက် စစ်မှုထမ်းဆိုတဲ့ဖက်ကို ရောက်ပုံ မပေါက်ဘူး။ အဲဒီလိုမျိုး ပြည်သူ့စစ်အနေနဲ့ သင်တန်းပေးနေတဲ့ပုံ ပေါက်ပါတယ်။ အဲဒီနှစ်ခုတော့ အားပြိုင်နေကြ တာပေါ့၊ တကယ်လို့ စစ်မှုထမ်းဥပဒေအရ ဆိုရင်တော့ဖြင့် နိုင်ငံသားပေးရတော့မှာပေါ့၊ ဧည့် (ဧည့်နိုင်ငံသား) သို့မဟုတ် ပြုနိုင်ငံသား (နိုင်ငံသားခွင့်ပြုရသူ) တစ်ခုခုပေးမှပဲ ပြည်သူ့စစ်မှုထမ်းဥပဒေအရ တစ်နှစ်သာ စစ်မှုထမ်းအောင် ဆင့်ခေါ်ပိုင်ခွင့် ဥပဒေအရ ရှိတာကို စစ်မှုထမ်းခွင့် ပေးမယ်ဆိုရင် ဧည့် သို့မဟုတ် ပြု နိုင်ငံသား ကဖြင့် ဥပဒေအရ ပေးကိုပေးရတော့မှာ အဲဒီလိုဆိုရင် ဖြစ်လာနိုင်တဲ့ အနာဂတ်ရဲ့ ရခိုင်ဒေသအနေအထား မြန်မာ နိုင်ငံရဲ့ အနေအထားကိုလည်းပဲ နစကလည်း တွက်မှာပေါ့၊ ULA/AA ဖက်ကလည်း တွက်မှာပေါ့၊ ရခိုင်လူထုဖက်က လည်း တွက်မှာပေါ့၊ အဲဒီလို အားပြိုင်မှုကတော့ ရှိနေပါတယ်၊ အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော ရဲ့ မြောက်ပိုင်းမှာကြတော့ ဘင်္ဂါလီတွေက များပါတယ်။ ဘူးသီးတောင် ဘက်ခြမ်းမှာလည်း တော်တော်များပါ တယ်။ အဲဒီဒေသ တည်ငြိမ်အေးချမ်းမှုကတော့ဖြင့် နစကနဲ့ ULA/AA ဖက်က ဘယ်လို ညှိနှိုင်းကြမှာလဲ ဘယ်လို ရှေ့ဆက်ပြီးတော့ တစ်ဖက်နဲ့ တစ်ဖက် တိုက်ကြခိုက်ကြ မြေပြင်အပိုင်ရရှိရေးကို တိုက်ပွဲဝင်ကြမှာလဲဆိုတဲ့ဟာနဲ့ ဆိုင်မယ်ထင်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်က တပ်မတော်၏ နယ်မြေရှင်းလင်းမှု နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိသွား သော ဘင်္ဂါလီများမှာ လဝက စာရင်းများအရ ၇ သိန်းခွဲ နေရပ်စွန့်ခွာခဲ့ကြောင်း၊ လက်ရှိ နိုင်ငံတကာ အဖွဲ့အစည်း များ၏ စာရင်းတွင် ၁.၂ သန်းအထက်ရှိသည်ဟု ဖော်ပြထားကြောင်း ၎င်းက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာ့တပ်မတော်ကို နိုင်ငံတကာက ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့သလို ICJ မှာလည်း တရားဆွဲဆိုမှုများ ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းကို ရယူလိုသော အုပ်စုက အစဉ်အဆက် ကြိုးပမ်းခဲ့ကြကြောင်း၊ ယခုကိစ္စမှာလည်း နိုင်ငံရေး အခင်းအကျင်းအရ ဖြစ်ပွားလာခဲ့ခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ မူဝါဒရေးရာဦးဆောင် ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီကိစ္စက အခုမှ ဖြစ်လာတဲ့ ကိစ္စမဟုတ်ပါဘူးခင်ဗျ၊ အင်္ဂလိပ်အဆုတ် ဂျပန်အတက်မှာ ၁၉၄၂ ခုနှစ် ကတည်းက အဲဒီရခိုင်မြောက်ပိုင်းကို လိုချင်တဲ့ လူတွေရဲ့ ဦးဆောင်မှုနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ ကြီးကြီး ကျယ်ကျယ် လူမျိုးသုန်း သတ်တာတွေတောင် ဖြစ်ခဲ့သေးတာပဲ၊ ၁၉၄၂ ခုနှစ်မှာ သူတို့ရဲ့ လိုအပ်ဆန္ဒက ရှင်းနေ တယ်၊ အဲဒီနေရာကို သူတို့ တစ်ခုခု အကောင်အထည်ဖော်ချင်တဲ့ဆန္ဒက စဉ်ဆက်မပျက် လှုပ်ရှားလာတဲ့ သမိုင်း အထောက်အထားတွေ ရှိနေတယ်၊ အဲဒါကြောင့် အခုမှ နိုင်ငံရေး အခြေအနေအရ ပေါက်ပေါ်လာတဲ့ ပြဿနာ မဟုတ်ပါဘူး။ ၁၉၄၂ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ တစိုက်မတ်မတ် ကြိုးစားလာတဲ့ နောက်ဆက်တွဲ ပြဿနာ အခုထပ်ပြီး ပေါ်ပေါက်လာတယ်လို့ပဲ ကျနော်တို့က အဲဒီလိုပဲ သုံးသပ်ပါတယ်” ဟု ပြောသည်။  

AA က ဘင်္ဂါလီများကို တိုက်ပွဲလွတ်ရာခေါ်ဆောင်နေစဉ်

လူမျိုးရေးပဋိပက္ခတိုင်းတွင် တပ်မတော်၊ အစိုးရ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက စတင်ခဲ့ခြင်း မဟုတ်ကြောင်း၊ လူမျိုး အချင်းချင်းမှ စခဲ့ခြင်းဖြစ်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီမှာဖြစ်နေတဲ့ လူမျိုးရေးပဋိပက္ခတိုင်းမှာ အစိုးရ၊ လုံခြုံရေးအဖွဲ့အစည်း၊ တပ်မတော်၊ အစိုးရဝန်ထမ်း များက စခဲ့တာ မဟုတ်ဘူး။ လူမျိုးအချင်းချင်းကပဲ စခဲ့တာဖြစ်တယ်၊ အဲဒီမီးကို ငြိမ်းသတ်ရတာက တပ်မတော်၊ လုံခြုံရေးတပ်ဖွဲ့ဝင်၊ အစိုးရတွေဖြစ်တယ်၊ ဒါကြောင့်မို့လို့ ကျနော်ပြောချင်တာက အစိုးရအနေနဲ့ရော လုံခြုံရေး အဖွဲ့အစည်းအနေနဲ့ရော ဘယ်တော့မှ အလုပ်ရှုပ်ခံပြီး လူမျိုးရေးပဋိပက္ခဖြစ်အောင် ဘယ်တော့မှ မလုပ်ဘူး။ လူမျိုးရေးပဋိပက္ခဖြစ်လာရင် ရှင်းလိုက်ရတဲ့ ပြဿနာ နည်းတာမဟုတ်ဘူး။ ခေါင်းခံရတဲ့ ပြဿနာ နည်းတာ မဟုတ်ဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှု နည်းတာ မဟုတ်ဘူး။ ခုချိန်မှာတော့ AA အနေနဲ့ လူမျိုးရေး ပဋိက္ခအသွင် ဆောင်အောင် လုပ်နေတာ တွေ့ရပါတယ်” ဟု ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် AA ကို ဘင်္ဂါလီများက ဆန့်ကျင် ဆန္ဒမှုများ ပေါ်ပေါက်နေသလို မြန်မာ့တပ်မတော် သည် ဘင်္ဂါလီလူမျိုးများကို အသုံးချနေသည်ဟုလည်း AA ဘက် စွပ်စွဲလျက်ရှိနေသည်။