CNI International News

အစ္စလာမ်မာဘက်၊ မေလ ၂၀

ပါကစ္စတန်သည် အိန္ဒိယသမုဒ္ဒရာဒေသ (IOR) တွင် အိန္ဒိယ၏ မြင့်တက်လာသည့် ပင်လယ်ရေကြောင်းနှင့် ဒေသ တွင် ဩဇာလွှမ်းမိုးမှုကို တန်ပြန်ရန် တရုတ်၏ အကူအညီဖြင့် အာဖရိက-အာရှသမုဒ္ဒရာဖိုရမ်နှင့် ပင်လယ် ရေကြောင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (AAO-FMC) ကို ထူထောင်ရန် စီစဉ်နေသည်ဟု South Asia Press သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ပါကစ္စတန်အစိုးရသည် ထိုအဖွဲ့ ဆွေးနွေးပွဲအတွက် ကရာချီ (Karachi) သို့မဟုတ် အစ္စလာမ်မာဘက် (Islamabad) ကဲ့သို့ ထိပ်သီးအဆင့်ရှိသည့် မြို့တစ်မြို့တွင် ရုံးခန်းဖွင့်လှစ်ရန် စဉ်းစားနေသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

သို့သော် ထိုအစီအစဉ်များကို အကောင်အထည်ဖော်ရန် ငွေကြေးများစွာ လိုအပ်သဖြင့် ပါကစ္စတန်သည် တရုတ်ထံမှ ငွေကြေး အကူအညီယူရန် ချဉ်းကပ်ခဲ့သည်။ 

တရုတ်နိုင်ငံကလည်း IOR တွင် ၎င်း၏ ပင်လယ်ရေကြောင်း ဩဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန် အားထုတ်ကြိုးပမ်း နေသဖြင့် ပါကစ္စတန်ကို အကူအညီပေးဖွယ်ရှိသည်။

ပါကစ္စတန်နဲ့ တရုတ် ရေတပ်ကိုတွေ့ရစဉ်

အပြန်အလှန်အနေဖြင့် ပါကစ္စတန်သည် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန့် (CPEC) မှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာ သို့ ရောက်ရှိစေရန် တရုတ်အား ၎င်း၏ နယ်နိမိတ်ကို အသုံးပြုခွင့်ပေးခဲ့သည်။

ထို့ကြောင့် AAO-FMC ထူထောင်မည့် အစီအစဉ်သည် IOR ဒေသတွင် အိန္ဒိယကို ပစ်မှတ်ထားရန် တရုတ်၏ နောက်ထပ် အစီအစဉ်တစ်ခု ဖြစ်လာနိုင်သည်။

တရုတ်၏ များပြားသည့် ကြွေးမြီများ အောက်တွင် ရှိနေသည့် ပါကစ္စတန်သည် ဒေသတွင်း တရုတ်၏ အကျိုးစီးပွားများကို ဖြည့်ဆည်းပေးရန်အတွက် ၎င်း၏ အချုပ်အခြာအာဏာနှင့် နိုင်ငံခြားရေးမူဝါဒကို အလျှော့ပေးလိမ့်မည်ဖြစ်သည်။

ထိုအစီအစဉ်သည် အိန္ဒိယသမုဒ္ဒရာကို တန်ပြန်သည့် အနေဖြင့် အာဖရိက-အာရှသမုဒ္ဒရာ ဆိုသည့် စကားလုံးကို အသုံးပြုခဲ့သည့် ပါကစ္စတန်၏ ဝါဒဖြန့်မှုကို ထပ်လောင်း အတည်ပြုရန် ကြိုးပမ်းအားထုတ်မှုဖြစ်သည်။

အိန္ဒိယရေတပ်သင်္ဘောကိုတွေ့ရစဉ်

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၊ အရှေ့အာဖရိက ကမ်းရိုးတန်းနိုင်ငံများ၊ အနောက်အာရှနိုင်ငံများ ကမူ အိန္ဒိယသမုဒ္ဒရာဆိုသည့် အမည်နှင့် အသားကျနေပြီး အိန္ဒိယသမုဒ္ဒရာ ရပ်ဝန်းအသင်း (IORA) တွင် အဖွဲ့ဝင် နိုင်ငံများ ဖြစ်သည်။

IORA သည် အိန္ဒိယသမုဒ္ဒရာနှင့် ထိစပ်နေသည့် နိုင်ငံများအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်း သဟဇာတဖြစ်မှုတို့ကို မြှင့်တင်ရန် ၁၉၉၇ ခုနှစ်က ဖွဲ့စည်းထူထောင်ခဲ့သည့် နိုင်ငံပေါင်းစုံပါဝင်သည့် အဖွဲ့ဖြစ် သည်။

ပါကစ္စတန်သည် IORA အဖွဲ့ဝင် မဟုတ်သလို တရုတ်ကလည်း အဖွဲ့ဝင်မဟုတ်ဘဲ မိတ်ဖက်နိုင်ငံအဖြစ်သာ ပါဝင် နေသည်။ 

ထို့ကြောင့် ပါကစ္စတန်နှင့် တရုတ်သည် IORA နှင့် စင်ပြိုင်အဖွဲ့ကို ထူထောင်ရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: South Asia Press