CNI News
၂၀၂၄ ခုနှစ်၊ မေလ ၂၀

ထိုင်ဝမ်ကို နိုင်ငံအဖြစ် အသိအမှတ် မပြုဘဲ တရုတ်တစ်နိုင်ငံတည်း မူဝါဒအပေါ်မှာပဲ ထောက်ခံရပ်တည် သွားမည်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့ ညက သတင်းထုတ်ပြန် ပြောကြားခဲ့သည်။

ထိုင်ဝမ်တွင် သမ္မတရွေးကောက်ပွဲ ကျင်းပခဲ့ပြီးနောက် ဒုသမ္မတဖြစ်သူ လိုင်ချင်တေက ရွေးကောက်တင်မြှောက် ခံခဲ့ရ၍ မေလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆွဲပွဲ ကျင်းပခဲ့သည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်ပြီး နစက-က ထိုင်ဝမ်ကို နိုင်ငံအဖြစ် အသိအမှတ် မပြုကြောင်း၊ တရုတ် တစ်နိုင်ငံတည်း မူဝါဒကိုသာ ထောက်ခံကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “မြန်မာနိုင်ငံဟာ ထိုင်ဝမ်နဲ့ သံတမန် အဆက်အသွယ် မရှိသလို နိုင်ငံတစ်ခု အဖြစ် အသိအမှတ်ပြုထားခြင်း မရှိပါဘူး။ မြန်မာနိုင်ငံဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ပေါ်ပေါက်လာ ကတည်းက တရုတ်တစ်နိုင်ငံတည်း မူဝါဒအပေါ် ခိုင်မာစွာရပ်တည် ထောက်ခံရပ်တည်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ ဆက်လက်ပြီး ခိုင်မြဲစွာ ရပ်တည်သွားမှာဖြစ်ပါတယ်”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းကို တွေ့ရစဉ်

မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အဖြစ် စတင်ပေါ်ပေါက်လာခဲ့သည့် ၁၉၄၉ ခုနှစ်ကတည်းက အစောဆုံး အသိအမှတ်ပြု ထောက်ခံခဲ့သော နိုင်ငံများထဲက တစ်နိုင်ငံဖြစ်သည်။

ထို့နောက် တရုတ်နိုင်ငံအတွင်းမှာ စစ်ရှုံး၍ မြန်မာနိုင်ငံထဲသို့ ရောက်လာသော တရုတ်ဖြူ (ကူမင်တန်) တပ်ကို မြန်မာ့တပ်မတော်က စစ်ရေးကြီး ၁၁ ခုဖြင့် တိုက်ခိုက်မောင်းထုတ်ခဲ့ရသည်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

၎င်းက “တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ မဟာဗျူဟာ မိတ်ဖက်နိုင်ငံတွေဖြစ်ပြီး ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို အစဉ်အဆက် ထိန်းသိမ်းခဲ့တဲ့ အိမ်နီးချင်း မိတ်ဆွေကောင်း နိုင်ငံဖြစ်ပါတယ်။ ပြီးရင် တရုတ် နိုင်ငံထဲမှာ စစ်ရှုံးပြီးတော့မှ မြန်မာနိုင်ငံထဲ ကျူးကျော်ဝင်ရောက်ပြီးတော့ တရုတ်ကို ပြန်လည် တိုက်ခိုက်ဖို့ လုပ်ဆောင်ခဲ့တဲ့ ကူမင်တန် တရုတ်ဖြူတပ်တွေကို ၁၉၅၃ ခုနှစ်တုန်းက မြန်မာ့တပ်မတော်က စစ်ဆင်ရေး ၁၁ ခုနဲ့ ချေမှုန်း ခဲ့ရပါတယ်။ ရောက်နေတဲ့ တရုတ်ဖြူတပ်တွေကို ထောက်ခံအားပေးပြီး ထောက်ပံ့ပေးနေတာ ကလည်း အမေရိကန်နိုင်ငံပဲ ဖြစ်ပါတယ်”ဟု ပြောသည်။

၂၀၂၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့က ထိုင်ဝမ်သမ္မတသစ် လိုင်ချင်တေ ကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပနေစဉ်  

ထိုစဉ်အချိန်က တရုတ်ဖြူ(ကူမင်တန်)တပ်ဖွဲ့များကို ထောက်ခံ အားပေး၍ ထောက်ပံ့ပေးခဲ့သည်မှာ အမေရိကန် နိုင်ငံဖြစ်သည်ဟုလည်း နစက-က ပြောသည်။

လက်ရှိတွင် ထိုင်ဝမ်ကို တရုတ်က မိမိပိုင်နယ်မြေဖြစ်ပြီး လိုအပ်ပါက စစ်ရေးအရတိုက်ခိုက် သိမ်းပိုက်သွားမည် ဟု ပြောကြားထားသည်။

ထို့နောက် ထိုင်ဝမ်းကျွန်းအနီးမှာ တရုတ်စစ်တပ်က တိုက်လေယာဉ်များ ပျံသန်းခြင်း၊ စစ်သင်္ဘောများ စေလွှတ် ၍ ဖြတ်သန်းမောင်းနှင်ခြင်း၊ စစ်ရေးလေ့ကျင့်ခြင်း စသည့် ဖိအားပေးမှုများ ပြုလုပ်လျက်ရှိသည်။