CNI News

၂၀၂၄ ခုနှစ်၊ မေလ ၂၀

ညီအကိုအချင်းချင်း တိုက်ခိုက်ပြီး ချင်းပြည်ကို တည်ထောင်၍မရကြောင်း ဇိုမီးတော်လှန်ရေးတပ်မတော်-အရှေ့ပိုင်းတိုင်း (ZRA-Eastern Command)မှ အရှေ့ပိုင်းဒါရိုက်တာ ပူဇိုထန်က CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် မိမိတို့ ZRA ကို ချင်းအမျိုးသားတပ်ဦး (CNF/CNA) နှင့် ပူးပေါင်းတပ်ဖွဲ့များက အင်အားအလုံး အရင်းဖြင့် လာရောက်တိုက်ခိုက်ခြင်းကြောင့် တပ်ဆုတ်ထားကြောင်း၊ ယခုကဲ့သို့ လာရောက်တိုက်ခိုက် သော်လည်း မိမိတို့ ZRA က တပ်ပျက်သွားမှာ မဟုတ်ကြောင်း ၎င်းက ပြောသည်။

ZRA-EC မှ အရှေ့ပိုင်းဒါရိုက်တာ ပူဇိုထန်က “ကျနော်တို့ အခုတော့ မဆီမဆိုင်ဘဲလေ သူတို့က ရန်သူလိုမှတ်ပြီး တော့ လာလုပ်တာပါ၊ ကျနော်တို့မှာတော့ ပုံမှန် ကိုယ့်ဒေသ ကိုယ့်ဒေသခံ လက်နက်ကိုင်တွေနဲ့ လှုပ်ရှားနေတဲ့ အချိန်မှာ သူတို့က အလုံးအရင်းနဲ့ လာတိုက်တော့ ကျနော်တို့လည်း နည်းနည်း တပ်ဆုတ်တာပေါ့၊ နည်းနည်းဆုတ် သွားတာပေါ့၊ ဒါပေမဲ့ ကျနော်တို့မှာ ကျနော်တို့ရဲ့ နိုင်ငံရေး ခံယူချက်တော့ ဘာမှမပြောင်းလဲပါဘူး။ သူတို့မှာ မှားယွင်းတဲ့ သတင်းပေးမှုကြောင့်ပေါ့နော် အဲဒါမျိုး ရန်သူလိုမှတ်ပြီးတော့ လုပ်တာတော့ သိပ်မတရားဘူးလေ၊ ရေရှည်မှာ သမိုင်းဝင်ဖြစ်သွားမယ်၊ သူတို့ကြောင့် ကျနော်တို့ တပ်ပျက်မှာလည်း မဟုတ်ဘူး။ ဆိုတော့ ရှေ့အလား အလာမှာတော့ နိုင်ငံရေးကို နိုင်ငံရေးနဲ့ လုပ်မယ်၊ စစ်ရေးကို စစ်ရေးနဲ့ လုပ်မယ်ဆိုတော့ ကောင်းတာပေါ့။ မဆီမဆိုင်ဘဲနဲ့ ကျနော်တို့ အချင်းချင်းတိုက်လို့ ဘာမှအကျိုးလည်း မရှိဘူး။ သေတာပဲ ရှိတယ်၊ ပျက်ဆီးတာပဲ ရှိတယ်၊ အဲဒါမျိုး သူတို့ ခေါင်းဆောင်ပိုင်းမှာ သိရင်ကောင်းတာပေါ့၊ ဒါပေမဲ့ သူတို့လုပ်ပုံ လုပ်နည်းကတော့ ရေရှည် ခံမယ့် ပုံစံတော့ မဟုတ်ဘူးဗျ၊ နောက်ကျရင် သူတို့ အမှားကို သိပါလိမ့်မယ်၊ အချင်းချင်းတိုက်တော့ ဘာရမှာလဲ၊ မဟုတ်မမှန် သတင်းထုတ်လွှင့်တာကို ယုံပြီးတော့ ကိုယ့်ညီကို မောင်နှမ အချင်းချင်း ချတာတော့ သိပ်အကျိုးမရှိ ဘူးဆိုတာ သူတို့ သိစေချင်တယ်၊ နိုင်ငံရေးဆိုတာ အချင်းချင်း သတ်ဖြတ်ပြီးတော့ တည်ထောင်မယ်၊ ချင်းပြည်ရဲ့ နိုင်ငံရေးကို ငါတို့ဦးဆောင်မယ်ဆိုတဲ့ စနစ်ရှိရင်တော့ ကျနော်တို့ ညီကိုအချင်းချင်း ကြားမှာတော့ ဆက်ဆံရေး တော့ ပျက်သွားမှာပဲ၊ ကောင်းတဲ့ အလားအလာတော့ မရှိဘူးပေါ့နော်၊ အဲဒီအတိုင်းဆိုရင်တော့ မရဘူးပေါ့” ဟု ပြောသည်။

CNF တပ်ဖွဲ့ကို တွေ့ရစဉ်

၂၀၂၄ ခုနှစ်၊ မေလ ၁၉ ရက်နေ့က ချင်းပြည်နယ်အတွင်းရှိ တွန်းဇံမြို့နှင့် ကျီခါးမြို့ကို CNA နှင့် ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ကြောင်း၊ ထိုမြို့နယ်များအတွင်းရှိ ZRA စစ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ချင်း ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ တွန်းဇံမြို့နှင့် ကျီခါးမြို့ကို CNA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်သည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ အကြောင်းစုံသိရှိနိုင်ရေး CNF မှ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းထက်နီထံ CNI က ဖုန်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။

ချင်းပြည်နယ်တွင် ဇိုမီးတော်လှန်ရေးတပ်မတော်/အရှေ့ပိုင်းတိုင်း(ZRA)နှင့် ချင်းအမျိုးသားတပ်ဦး (CNF/CNA) တို့အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။

CNF ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့သည် ကုန်သွယ်ရေးလမ်းကြောင်းနှင့် အခွန်ကောက်ခံမှုများ ကျယ်ကျယ် ပြန့်ပြန့် ထိန်းချုပ်နိုင်ရေးအတွက် ZRA တပ်ဖွဲ့ကို တိုက်ခိုက်နေခြင်းဖြစ်သည်ဟု CNF နှင့်နီးစပ်သူ ချင်း တိုင်းရင်းသားတစ်ဦးက ပြောသည်။

ချင်းမျိုးနွယ်စု လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း တိုက်ခိုက်နေသမျှ စည်းလုံညီညွတ်သော ချင်းပြည်ကို တည်ဆောက်နိုင်မှာ မဟုတ်ကြောင်း၊ မျိုးနွယ်စု အချင်းချင်းအကြား အမုန်းတရားဖြင့် သွားနေမှာဖြစ်ကြောင်း ZRA-EC မှ အရှေ့ပိုင်းဒါရိုက်တာ ပူဇိုထန်က ပြောသည်။

ZRA တပ်ဖွဲ့ကို တွေ့ရစဉ်

၎င်းက “ကျနော်ပြောချင်တာက အချင်းချင်းတိုက်လို့ နိုင်ငံရေး မတည်ဆောက်နိုင်ပါဘူး။ စည်းလုံးညီညွတ်တဲ့ ချင်းပြည်ကို ကျနော်တို့ တည်ဆောက်နိုင်မှာ မဟုတ်ဘူး။ ညှိမှ ရမယ်လေ၊ သူတို့က ZRA ခေါင်းဆောင်ပိုင်းတွေနဲ့ ညှိလည်း မညှိဘူး။ မင်းတို့ကောင်တွေဆိုပြီးမှ အထင်သေးပြီး လျှောက်လုပ်တဲ့အခါကြတော့ မဟုတ်တာတွေ ဖြစ်ကုန်တာပေါ့လေ၊ အချင်းချင်းညှိပြီးတော့လေ ဘာပဲဖြစ်ဖြစ် အခုမဖြစ်နိုင်ရင်‌တောင် ဖုန်းနဲ့ ဆက်သွယ်ပြီးတော့ လုပ်ရင်တော့ အကောင်းဆုံးပဲလေ၊ ဒါမျိုးမလုပ်ဘဲနဲ့ ဒီအတိုင်း ဆက်သွားရင်တော့ ကျနော်တို့က ညီကိုမောင်နှမ ကြားထဲမှာ ရာသက်ပန် အမုန်းတရားနဲ့ ဆက်သွားမယ်ဆိုတာတော့ သေချာတာပေါ့” ဟု ပြောသည်။

ZRA သည် မြန်မာနိုင်ငံအတွင်းရှိ ချင်းပြည်နယ် တွန်းဇံမြို့နယ်၊ တီးတိန်မြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ကလေးမြို့နယ်၊ တမူးမြို့နယ်၊ ကဘော်ချိုင့်ဝှမ်းဒေသ၊ မြန်မာ-အိန္ဒိယနယ်စပ် စသည့် နေရာဒေသများတွင် လှုပ်ရှားလျက်ရှိသည်။

CNF သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ချင်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ထန်တလန်မြို့နယ်တွင် ဌာနချုပ်ထားရှိကာ ဟားခါး၊ တီးတိန်၊ မတူပီတို့တွင် လှုပ်ရှားလျက်ရှိသည်။