CNI International News

တိုင်ပေ၊ မေလ ၂၁ 

ထိုင်ဝမ်တွင် သမ္မတအဖြစ် ရွေးကောက်ခံထားရသည့် ဝီလျံ လိုင်ချင်တေ(William Lai Ching-te) သည် မေလ ၂၀ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး တရုတ်၏  ခြိမ်းခြောက်မှုများကို ရပ်တန့်ရန်နှင့် ထိုင်ဝမ်၏ ဒီမိုကရေစီစနစ်ကို ချီးကျူးဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

လိုင်နှင့် ဒုသမ္မတ ရှန်ပီကင် (Hsia Bi-khim) သည် တိုင်ပေ (Taipei) မြို့တော်ရှိ သမ္မတရုံးတွင် ထိုင်ဝမ်ကို ထူထောင်ခဲ့သည့် ဆွန်ယက်ဆင် (Sun Yat-sen) ၏ ရုပ်တုရှေ့မှောက်၌ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြခြင်း ဖြစ်သည်။

အသက် ၆၄ နှစ်အရွယ် လိုင်ကို လွှတ်တော်ဥက္ကဋ္ဌက သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာ တံဆိပ်နှင့် ဂုဏ်ထူးဆောင် တံဆိပ်တစ်ခု ပေးအပ်ခဲ့သည်။ 

ထိုတံဆိပ်နှစ်ခု စလုံးကို တရုတ်ပြည်တွင်းစစ်တွင် ရှုံးနိမ့်ခဲ့ပြီးနောက် ၁၉၄၉ ခုနှစ်တွင် အမျိုးသားရေးဝါဒီများက ထိုင်ဝမ်သို့ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။

ထိုင်ဝမ်သမ္မတသစ် လိုင်ချင်တေ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တွေ့ရစဉ်

ရာထူးမှ ထွက်ခွာတော့မည့် သမ္မတ ဆိုင်အင်ဝမ် (Tsai Ing-wen) ကလည်း ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ခဲ့ ပြီး သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ် ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် နှုတ်ဆက်ပွဲ ပြုလုပ်ခဲ့သည်။

သမ္မတရုံး အဆောက်အအုံတွင် ပြုလုပ်သည့် အခမ်းအနား၌ လိုင်က မေလ ၂၀ ရက်၏ အရေးပါပုံကို မိန့်ခွန်း ပြောကြားခဲ့သည်။

ထိုင်ဝမ်တွင် မေလ ၂၀ ရက်သည် ၁၉၄၉ ခုနှစ်က မာရှယ်လော ထုတ်ပြန်ခဲ့သည့်နေ့ဖြစ်ပြီး ၁၉၉၇ ခုနှစ်၌ ထိုင်ဝမ်၏ ပထမဆုံး ရွေးကောက်ခံသမ္မတက ကျမ်းသစ္စာကျိန်ဆိုခဲ့သည့်နေ့ ဖြစ်သည်။

ထိုနေ့သည် အချုပ်အခြာအာဏာနှင့် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့် နိုင်ငံများသည် ပြည်သူများ၏ လက်ထဲတွင်သာရှိကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းကို သတင်းစကားပေးပို့သည့် နေ့ရက်ဖြစ်သည်ဟု လိုင်က ပြောသည်။

ထိုင်ဝမ်သမ္မတသစ် လိုင်ချင်တေ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တွေ့ရစဉ်

ထိုင်ဝမ်အနေဖြင့် မိမိ၏ ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်များအပေါ် အလျှော့ပေးသွားမည် မဟုတ်ဘဲ ထိုင်ဝမ်ရေလက် ကြား အပါအဝင် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ တရုတ်အနေဖြင့် ထိုင်ဝမ်ကို ရန်စမှုများအား ရပ်တန့်ရန် တိုက်တွန်းခဲ့သည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ် တစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံး သိမ်းယူ သွားမည်ဟု ပြောကြားခဲ့ကာ ထိုင်ဝမ်ကျွန်းအနီးသို့ စစ်လေယာဉ်များနှင့် သင်္ဘောများကို နေ့စဉ်နီးပါး စေလွှတ်ခဲ့ သည်။

လိုင်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားသည့် နိုင်ငံ ၁၂ နိုင်ငံမှ ကိုယ်စားလှယ်များ အပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

Source: အယ်လ်ဂျာဇီးယား