CNI International News

တိုင်ပေ၊ ဇွန်လ ၅

တီအန်မင်ရင်ပြင် (Tiananmen Square) ဖြိုခွင်းခံရသည့် ဖြစ်စဉ်သည် ထာဝရတည်ရှိနေမည့် သမိုင်းဝင်ဖြစ်စဉ် တစ်ခုအဖြစ် ဆက်လက် တည်ရှိနေစေရန် ကြိုးစားလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတသစ် လိုင်ချင်တေ(Lai Ching-te)က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

လိုင်သည် ဘေကျင်း (Beijing) မြို့တော်ရှိ ၁၉၈၉ ခုနှစ် တီအန်မင်ရင်ပြင် ဖြိုခွင်းခံရသည့် ၃၅ နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

၁၉၈၉ ခုနှစ်၊ ဇွန်လ ၄ ရက်က တရုတ်စစ်သားများသည် တီအန်မင်ရင်ပြင်တွင် ကျောင်းသားများ ဦးဆောင်သည့် ဒီမိုကရေစီလိုလားသော ဆန္ဒပြမှုများကို ပြင်းပြင်းထန်ထန် ဖြိုခွင်းခဲ့သည်။

တရုတ်နိုင်ငံအတွင်း၌ ထိုဖြစ်စဉ်ကို လူသိရှင်ကြား ပြောကြားခြင်းမှ တားမြစ်ပိတ်ပင်ထားပြီး နှစ်ပတ်လည် အထိမ်းအမှတ်လည်း ပြုလုပ်ခြင်းမရှိပေ။

တီအန်မင်ရင်ပြင် ဖြိုခွင်းခံရမှုကိုတွေ့ရစဉ်

တီအန်မင်ရင်ပြင် ဖြိုခွင်းခံရမှု နှစ်ပတ်လည် အထိမ်းအမှတ်များကို ထိုင်ဝမ်၏ တိုင်ပေ (Taipei) မြို့တော် အပါအဝင် အခြားနိုင်ငံများရှိ မြို့များတွင် ပြုလုပ်ခဲ့ကြသည်။

ထိုနှစ်ပတ်လည် အထိမ်းအမှတ်များသည် တရုတ်အစိုးရကို ဝေဖန်ရန်နှင့် တရုတ်အနေဖြင့် ၎င်းတို့လုပ်ဆောင်ခဲ့ သည့် လုပ်ရပ်များအား ရင်ဆိုင်ရန် တောင်းဆိုသည့် သဘောဖြစ်ကြောင်း ထိုင်ဝမ်အစိုးရ ခေါင်းဆောင်များက ပြောကြားခဲ့သည်။

အာဏာရှင်စနစ်ကို လွတ်လပ်ခွင့်နှင့် တုန့်ပြန်ရန် အရေးကြီးကြောင်း၊ ဇွန်လ ၄ ရက်နေ့ ဖြစ်စဉ်သည် ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ကြောင်း လိုင်က facebook တွင် ရေးသားဖော်ပြခဲ့သည်။

"ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ဟာ လွယ်လွယ် မရဘူးဆိုတာနဲ့ အာဏာရှင်စနစ်ကို လွတ်လပ်ခွင့်နဲ့ တုန့်ပြန်ပြီး ဒီမိုကရေစီစနစ်ကို အများသဘောနဲ့ ထူထောင်ရမည်ဆိုတာကို ဒီဖြစ်စဉ်က ကျနော်တို့ကို သတိပေးနေပါတယ်" ဟု လိုင်က ရေးသားခဲ့သည်။

တီအန်မင်ရင်ပြင် အရေးအခင်းတွင် အမျိုးသားတစ်ဦး တင့်ကားတွေရှေ့ ရပ်ကာ ဆန့်ကျင်နေစဉ်

ထို့ပြင် ဇွန်လ ၄ ရက်နေ့ ဖြစ်စဉ်သည် သမိုင်းမှ ပျောက်ကွယ်သွားမည် မဟုတ်ကြောင်း၊ ထိုကဲ့သို့ သမိုင်းဝင် ဖြစ်စဉ်ကို ထာဝရတည်ရှိနေစေရန်နှင့် တရုတ်၏ ဒီမိုကရေစီကို အလေးထားသူများအား လက်ဆင့်ကမ်းရန် အပြင်းအထန် ကြိုးပမ်းအားထုတ်ရမည်ဖြစ်ကြောင်း လိုင်က ရေးသားခဲ့သည်။

တရုတ်အစိုးရကမူ လိုင်ကို အန္တရာယ်များသည့် ခွဲထွက်ဝါဒီ တစ်ဦးဖြစ်ကြောင်း ကြေညာထားပြီး လိုင်၏ ခွဲထွက်ရေးဝါဒကို အပြစ်ပေးသည့်အနေဖြင့် ပြီးခဲ့သည့်လအတွင်း တရုတ်သည် ထိုင်ဝမ်ကျွန်းအနီး စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

လိုင်နှင့် ထိုင်ဝမ်အစိုးရကမူ ထိုင်ဝမ်သည် တရုတ်၏ နယ်နိမိတ် မဟုတ်ကြောင်းနှင့် ထိုင်ဝမ်ကျွန်း၏ အနာဂါတ်ကို ထိုင်ဝမ်ဒေသခံများကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟု ပြောကြားခဲ့သည်။

Source: ရိုက်တာ