CNI News

၂၀၂၄ ခုနှစ်၊ မေလ ၂၁

ဝိုင်းမော်မြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ကျေးရွာ ၇ ရွာခန့် ဒေသခံများသည် နေရာစွန့်ခွာ တိမ်းရှောင်နေရကြောင်း သိရသည်။

ဝိုင်းမော်မြို့နှင့် ရွှေညောင်ပင်အကြားရှိ ကျေးရွာများ ပြောင်းရွှေ့ခဲ့ကြကြောင်း၊ လက်ရှိအချိန်ထိ ပြောင်းရွှေ့နေကြ ကြောင်း ဝိုင်းမော်မြို့ခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဝိုင်းမော်နဲ့ ရွှေညောင်ပင်ကြားဆိုရင် ဝိုင်းမော်ကြား ခုနက ပါကရွာ ရှိတယ်လေ၊ မုတ်လွဲရှိတယ်လေ၊ သာယာအေးလေ၊ ဟိုဖက်အတွင်းဖက်ကို ဝင်သွားရင် ခတ်ချို၊ နောင်ဟီး၊ အဲဒါတော့ ငါတို့ရှမ်းရွာတွေကြီးပါ့အေး၊ နောင်ဟီး၊ စမ်းကား၊ နောင်ဟီး၊ စမ်းကားအထိ မရောက်ဘူး။ ရွှေညောင်ပင်အထိပဲ ဆိုရင်တော့ ဟိုဖက်ကနေ ပြန်ရေလာရင် ရွှေညောင်ပင်၊ အောင်မြေ - ၁၊ အောင်မြေ - ၂၊ ခါးရှိ၊ အင်းလေး၊ ဒီဖက် ၅ ရွာလောက်တော့ ရှိတယ် ဒီကြားထဲမှာ အဲဒီ ၅ ရွာ၊ ၆ ရွာလောက်က အကုန်ပြေး၊ အကုန်ရွှေ့၊ ၇ ရွာလောက်ရှိတယ်၊ မနေ့တုန်းကလည်း ရွှေ့တယ်၊ တနေ့လည်း ပြောင်းတယ်၊ ဒီနေ့လည်း အများကြီးပဲ အခု ကားသံတွေ ဆူညံနေတာပဲ၊ ကားနဲ့ သုံးဘီးနဲ့ ဆိုင်ကယ်နဲ့ မီနီအိုးဝေနဲ့ အုတ်တင်တဲ့ကား၊ သဲကျောက်တင်တဲ့ကား အမျိုးမျိုးပါ့ ရွှေ့နေကြတာ၊ ဘယ်တွေကို ရွှေ့နေကြသလဲမသိဘူး။ အဲဒီမှာ ဂေါ်ရခါးလေးတွေ တို့အမအိမ်ရှေ့၊ တို့အိမ်ဝင်က ကျယ်တော့ ရွာလမ်းမကနေ ဟိုကားလမ်းအထိ ဆိုတော့ အစ်မတို့ရဲ့ အိမ်ရှေ့မှာ သုံးဘီးတွေနဲ့ ဘယ်သွားမလို့လဲ မသိဘူး၊ အုပ်စုလိုက်ကြီး ဘယ်ကို ရွှေ့ကြမလဲမသိဘူး။ သွားစရာနေရာလည်း မရှိဘူးလေ၊ ငါတို့လိုပါ့အေး အခု ငါတို့ဆီကိုသာ သူများ ရွှေ့ လာတာ ငါတို့က ဘယ်ကို ပြေးမလဲအေး” ဟု ပြောသည်။

 KIA-PDF ကို တွေ့ရစဉ်

ပြီးခဲ့သည့် မေလ ၁၈ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နန်ပေါင်လေတပ်စခန်း ရှော့တိုက်ဒုံး ပစ်ခတ်ခံခဲ့ရကြောင်း၊ ထိုပစ်ခတ်ခံရမှုတွင် ပမ္မတီးရပ်ကွက်၌ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခြင်းကြောင့် ဆင်ဘိုနယ်မှ တိုက်ပွဲရှောင် လူငယ်အမျိုးသား ၂ ဦးနှင့် ဝပ်ရှော့ဆရာ ၁ ဦးသေဆုံးပြီး ၆ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

ထို့နောက် ဝိုင်းမော်မြို့နယ်တွင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများကြောင့် လူသေဆုံးမှုများ ရှိခဲ့သည်။

ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာ၏ အရှေ့ဖက်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသမှ စီးပွားရှာ လုပ်ကိုင်နေသည့် မိသားစု အပါအဝင် လူ ၆ ဦး သေဆုံးကာ ၁၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဝိုင်းမော်မြို့ခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ဝိုင်းမော်မြို့နယ်အတွင်းမှ ဒေသခံများ တိုက်ပွဲရှောင်ရန် ထွက်ပြေးနေကြစဉ်

၎င်းက “တနေ့တုန်းက ပစ်လိုက်တဲ့ဟာက အဲဒါက ငါတို့ ရှမ်းလယ်ထဲမှာ ခတ်ချိုရဲ့ အရှေ့ဖက်ပါ့အေး သူတို့ရွာရဲ့ အရှေ့ဖက်မှာ လယ်တွေရှိတယ်လေ၊ လယ်တွေမှာ စစ်ကိုင်းဖက် ၅/တွေ လုပ်စားစရာ ကိုင်စားစရာ မရှိလို့ အဲဒီဖက်မှာ သွားပြီးမှ ရော်ဘာခြံတို့ ငှက်ပျောခြံတို့ သွားပြီးတော့ လုပ်စားတဲ့ဟာတွေ အုတ်ဖုတ်တာတို့ ဘာတို့ အဲဒီလယ်ထဲမှာ သူတို့ သွားတောင်းပြီးမှ နေပြီးမှ မိသားစု နေထိုင်နေကြတဲ့ဟာလေးတွေ လာနေတော့ သွားပြီး တော့ လက်နက်ကြီးက သွားကျတော့ မိသားစုက ၆ ယောက်ရှိတာ၊ ၅ ယောက်ဆုံးသွားတယ်၊ နောက် ရှမ်းတရုတ် တစ်ယောက်လားမသိဘူး ငါတို့ တိုင်းလေ တစ်ယောက် ထိသွားတယ်ထင်တယ်၊ ၆ ယောက်သေတယ်တဲ့၊ ဟိုဟာ ကတော့ မိသားစုအလိုက် ဆုံးသွားတာ အဘွားကြီး တစ်ယောက်ပဲ ကျန်တယ်၊ ၅/က မိသားစုအလိုက်ကတော့” ဟု ပြောသည်။

လက်ရှိတွင် ကချင်ပြည်နယ်အတွင်းရှိ ဝိုင်းမော်၊ ဗန်းမော်၊ တာလောကြီး၊ ဆင်ဘို၊ မိုးမောက်မြို့နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် KIA/KPDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။