CNI News

၂၀၂၄ ခုနှစ်၊ မေလ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့သိမ်းပိုက်နိုင်ရေးအတွက် အဟန့်အတားဖြစ်နေသည့် ပရစ်ဖာနိုင်းနှင့် လွှစင်းကုန်းကျေးရွာများရှိ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ စစ်စခန်းများကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် ဟုမ္မလင်း PDF ပူးပေါင်းတပ်ဖွဲ့က မေလ ၂၃ ရက်နေ့မှာ ထိုးစစ်ဆင် တိုက်ခိုက်နေ ကြောင်း သိရသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် ဟုမ္မလင်းမြို့ အပါအဝင် ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာ အများစုကို တည်ငြိမ်ရေးနှင့် စစ်ပွဲဇုန် မဖြစ်ပေါ်လာစေရေးအတွက် ထိန်းချုပ်ထားသည်။

ထို့နောက် KIA-PDF ပူးပေါင်းအဖွဲ့က ဟုမ္မလင်းမြို့ အပါအဝင် ဟုမ္မလင်းမြို့နယ်ကို ထိန်းချုပ်နိုင်ရေးအတွက် SNA ကို ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်။

ဟုမ္မလင်းမြို့သည် စစ်ရေးအရ အလွန်အရေးပါသော ဒေသဖြစ်ပြီး ဟုမ္မလင်းမြို့ကို ထိန်းချုပ်နိုင်ပါက ရေကြောင်း-ကုန်းကြောင်းကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် နာဂဒေသနှင့် ခန္တီးဒေသကိုလည်း ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း၊ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး အလယ်ပိုင်းမြို့များကို ဆက်လက် ထိုးစစ်ဆင်နိုင်မည်ဖြစ် ကြောင်း ဒေသတွင်း စစ်ရေးနှင့်နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

ဟုမ္မလင်းမြို့နယ်နဲ့ လွှစင်းကုန်းကျေးရွာကို ညွန်ပြထားစဉ်

SNA သည် ရှမ်းနီဒေသများနှင့် ဒေသတွင်းနေ ပြည်သူလူထု၏ အသက်၊ အိုးအိမ်စည်းစိမ် လုံခြုံရေး အပါအဝင် ဒေသတွင်း စစ်ပွဲကြောင့် ကြုံတွေ့လာရနိုင်သော ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ဒေသတည်ငြိမ် အေးချမ်းရေးကို ဦးစားပေး ဖော်ဆောင်လျက်ရှိနေသည်။

လက်ရှိတွင် ရွှေပြည်အေး၊ ဗန်းမောက်၊ ဟုမ္မလင်း၊ ပင်လည်ဘူး စသည့် ရှမ်းနီဒေသများ၌ KIA-PDF ပူးပေါင်း တပ်ဖွဲ့နှင့် SNA ကြား တိုက်ပွဲများ ဖြစ်ပွားကာ စစ်ရေးတင်းမာလျက်ရှိနေသည်။

ဟုမ္မလင်းမြို့နယ်အတွက် တိုက်ပွဲများ ပြင်းထန်လာပါက နေအိမ်များ မီးလောင် ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင် သလို ဒေသတွင်းနေ ပြည်သူလူထုများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ဒေသတွင်း စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများ ဈေးနှုန်းကြီးမြင့်မှုဒဏ်များ ခံလာရနိုင်သလို ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများ ပြတ်လပ်မှုဒဏ်များ ကြုံတွေ့လာရနိုင်ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွား ရေး ကျပ်တည်းမှုများ ရင်ဆိုင်လာရနိုင်ကြောင်း ဟုမ္မလင်းဒေသခံများက ပြောသည်။

လက်ရှိတွင် ဟုမ္မလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းသို့ စက်သုံးဆီ သယ်ယူခွင့်မပြုကြောင်း၊ NUG စိုးမိုးထားသည့် ရေလမ်းဖြင့်ဆိုလျှင် ရွှေပြည်အေးမြို့အထိနှင့် ကုန်းလမ်းဖြင့်ဆိုလျှင် လွှစင်းကုန်းကျေးရွာအထိသာ သယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း ယခုလအတွင်းမှာ ထုတ်ပြန်ထားသည်။