CNI News

၂၀၂၄ ခုနှစ်၊ မေလ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပူအောင်စံပြကျေးရွာအနီးရှိ လွှစင်ကုန်းကျေးရွာ အပါအဝင် ချင်းတွင်းမြစ်အရှေ့ကမ်းတွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဆက်လက် ဖြစ်ပွားနေ ကြောင်း ဒေသခံများက ပြောသည်။

ချင်းတွင်းမြစ် အရှေ့ကမ်းရှိ မြင်သာကျေးရွာ၊ ငိုးပင်းကျေးရွာ၊ ရေလဲကျေးရွာတို့တွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေကြောင်း၊ ထို့အတူ လွှစင်ကုန်းကျေးရွာ၏ SNA တပ်စခန်းများကို KIA/PDF ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် တိုက်ခိုက်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “မြင်သာ၊ ငိုးပင်း၊ ရေလဲ အဲဒီမှာ ဒီကောင်တွေ စပယ်ရှယ်ဝုန်း (တိုက်ခိုက်) နေတာ၊ သူတို့ (PDF) ချင်းတွင်းမြစ် အရှေ့ကမ်းတစ်ကြော့လုံးကို ရအောင်သိမ်းမှာနေမှာ၊ အဲဒီမှာလည်း မြင်သာ၊ ရေလဲ၊ ငိုးပင်းပဲ ကျန်တော့တာလေ၊ အဲဒီ ၃ ရွာသိမ်းလိုက်လို့ရှိရင်တော့ ချင်းတွင်းမြစ် အရှေ့ကမ်းတစ်ကမ်းလုံးက သူတို့ နယ်မြေဖြစ်သွားပြီးပါ့အေး၊ မနေ့က ညတွေရော၊ ဟိုးတနေ့ကတွေရော ချနေကြတာ ၃၊ ၄ ရက်ရှိပြီ။ နောင်ပူအောင်(နောင်ပိုအောင်)လည်း ၂၃ ရက်နေ့ကတည်းက ဖြစ်နေတာ၊ နောင်ပူအောင်၊ လွှစင်ကုန်းလည်း မသိမ်းနိုင်ဘူး။ တိုးကိုမတိုးနိုင်သေးတာ၊ သူတို့ ၂၃ ရက်နေ့ကတည်းက ၂၃၊ ၂၄၊ ၂၅ တနေကုန်က မနားတမ်းကို ဒရုန်းနဲ့ချတာ၊ 40 နဲ့ လှမ်းလှမ်းပစ်နေတာနေမှာ အခုက ဒရုန်းသံတွေ မကြားရတော့ဘူး။ ခါတိုင်းဆို တနေကုန် ကြားရတာ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဟုမ္မလင်းကို တွေ့ရစဉ်

KIA/PDF များအနေဖြင့် ဟုမ္မလင်းမြို့ကို သိမ်းပိုက် ရရှိရေး ထိုးစစ်ဆင် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း၊ ဟုမ္မလင်းမြို့ရရှိရေး အင်အားအများအပြား သုံးစွဲကာ တိုက်ခိုက်နေကြောင်း ဒေသများက ပြောသည်။

ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့မှ စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် ဖာနှိုင်းကျေးရွာမှ ဆင်းလာသော KIA/PDF များမှာ အင်အားအလုံးအရင်းဖြင့် မြင်သာကျေးရွာရှိ နေအိမ်များကို ရိုက်ဖွင့်ကာ နေရာယူထားကြောင်း၊ ထို့အတူ ဒေသခံများ၏ လက်ကိုင်ဖုန်းများကို သိမ်းဆည်း ထားကြောင်း ဟုမ္မလင်းမြို့ခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “PDF တွေ နေထားတာတဲ့ အိမ်မှာတွေ အကုန်လုံး တံခါးပိတ်ထားတဲ့ အိမ်တွေလည်း ရိုက်ဖွင့်ပြီးတော့ အကုန်နေထားတာ အိမ်တိုင်းစေ့လိုပဲတဲ့ နည်းတာမဟုတ်ဘူးတဲ့ အင်အားများတယ်တယ်၊ ပြီးတော့ ရွာထဲမှာရှိတဲ့ လူတွေရဲ့ ဖုန်းတွေလည်း အကုန်သိမ်းထားတာတဲ့ အဆက်အသွယ်မရအောင်လို့ အကုန်လုံး၊ ဖုန်းတွေ လိုက်သိမ်း နေတာတဲ့ အခု အိမ်မှာရှိတဲ့ ဖုန်းတွေ အကုန်သိမ်းထားတာတဲ့ အကုန်လုံး ဆက်သွယ်လို့ မရအောင်ပေါ့ကွာ၊ ပြောလို့မရအောင်ပေါ့၊ အိမ်တွေမှာ အကုန်လုံးတက်နေထားပြီတဲ့ အိမ်တိုင်းစေ့လိုပဲ နည်းတာမဟုတ်ဘူးတဲ့ ပြည့်ညှပ်ပြည့်ကျပ်လို့ပဲလို့ ပြောတာကိုး။ အခြေအနေ တော်တော်ဆိုးတယ် သတင်းရော အဆက်အသွယ်ဖြတ်တဲ့ ပုံစံမျိုးပေါ့၊ လေယာဉ်တွေတော့ တစ်ခေါက်မှ မလာသေးဘူးလို့ ပြောတယ်၊ ပစ်နေကြတုန်းတဲ့ ဟိုဖက်ဒီဖက်ကို” ဟု ပြောသည်။

ဟုမ္မလင်း PDF ကို တွေ့ရစဉ်

လက်ရှိတွင် SNA နှင့် KIA/PDF ပူးပေါင်းတပ်တို့အကြား လွှစင်ကုန်း၊ ဖာနှိုင်း၊ မြင်သာ၊ ငိုးပင်း၊ ရွှေပြည်အေး တစ်လျှောက် တိုက်ပွဲဖြစ်ပွားနေသလို ဟုမ္မလင်း-တမူးလမ်းပေါ်ရှိ တီလောင်တို့တွင်လည်း တိုက်ပွဲဖြစ်ပွားနေ ကြောင်း သိရသည်။

လက်ရှိတွင်လည်း SNA  ဒေသတည်ငြိမ်ရေးနှင့် ဒေသတွင်းနေ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်စိမ် လုံခြုံရေးအတွက် ဆောင်ရွက်နေသော်လည်း SNA ထိန်းချုပ်နယ်မြေများတွင် KIA/PDF က စစ်ရေးလှုပ်ရှား တိုက်ခိုက်လာခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေး ခရိုင်၊ ခန္တီးခရိုင်၊ ဟုမ္မလင်းခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်း ဒေသတို့ကို စုစည်း၍ ရှမ်းနီပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်း နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။