CNI News
၂၀၂၄ ခုနှစ်၊ မေလ ၂၄

အားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးမှုများအတွက် အခင်းအကျင်း ဖန်တီးပေးရန် ပါဝင်ပတ်သက်သည့် အဖွဲ့အစည်းအားလုံးကို မိမိတို့ တောင်းဆိုပါသည်ဟု အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက မေလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသူများ အားလုံးကို လွှတ်ပေးရန်နှင့် အာဆီယံ အဖွဲ့အစည်း၏ ဘုံသဘော တူညီချက်  ချက်ကို အပြည့်အဝ အကောင်အထည်ဖော်ရန် စစ်အာဏာရှင်အဖွဲ့အစည်းက လုပ်ဆောင်ရမည် ဟု အမေရိကန်၊ ဥရောပသမဂ္ဂ၊ ကိုရီးယားသမ္မတနိုင်ငံ၊ သြစတြေးလျ၊ ကနေဒါ၊ မော်တာ၊ နယူးဇီလန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေတို့က ပူးတွဲ ထုတ်ပြန် ပြောကြားခဲ့သည်။

ထိုပူးတွဲထုတ်ပြန်ချက်တွင် “ ဒီမိုကရေစီ အပြည့်အဝ ပြန်လည်ဖော်ဆောင်နိုင်ရေးအတွက် လေးနက်ပြီး အားလုံး ပါဝင်နိုင်သော တွေ့ဆုံ ဆွေးနွေးမှုများအတွက် အခင်းအကျင်း ဖန်တီးပေးရန် ပါဝင်ပတ်သက်သည့် အဖွဲ့အစည်းအားလုံးကို မိမိတို့ တောင်းဆိုပါသည်”ဟု ပြောထားသည်။

ထို့နောက် မြန်မာပြည်သူ/သားများအတွက် အားလုံးပါဝင်ပြီး အကြမ်းဖက်ခြင်းကင်းသည့် ဒီမိုကရေစီ အနာဂတ် ကို ဦးတည်၍ ငြိမ်းချမ်းစွာ လက်တွဲလုပ်ဆောင်သွားမည်ဟု သံန္နိဋ္ဌာန်ချမှတ်ထားသူများ အားလုံးကို မိမိတို့က ပြတ်ပြတ်သားသား ဆက်လက် ထောက်ခံပေးသွားမည်ဟု နိုင်ငံတကာက ထုတ်ပြန်ခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များကြားလည်းကောင်း၊ မြန်မာ့တပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့(LPDF)များကြား လည်းကောင်း နိုင်ငံအနှံ့ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေပြီး အပြတ်တိုက်ရေး ဖော်ဆောင်နေကြသည်။

အဆိုပါ လက်နက်ကိုင် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် နေအိမ်များ မီးလောင် ပျက်စီးဆုံးရှုံးနေရ သလို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသူ ၁ သန်းကျော်ထိ ရှိလာနေကြောင်း၊ စွပ်စွဲပြစ်တင်ခြင်းခံရ၍ သတ်ဖြတ်ခံနေရသည့် အရပ်သားများလည်း အများအပြားရှိနေကြောင်း သိရသည်။