CNI News

၂၀၂၄ ခုနှစ်၊ မေလ ၂၄

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့ကို ပြန်လည်စုဖွဲ့မှု လုပ်ရန်ရှိသည့်အတွက် လက်တွေ့မှာ တကယ် အလုပ်ဖြစ်နိုင်ပါ့မလားဆိုသည့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းကြား မေးခွန်းထုတ်မှုများ ရှိနေသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့တို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနိုင်ရေး UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ကို လာမည့် မေလ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် ရွေးချယ်ကြမည်ဖြစ်သည်။

အဆိုပါ စုဖွဲ့မှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)တွင် ပါတီမှတ်ပုံတင်ခွင့် ကျထားသည့် ပါတီ ၄၇ ပါတီမှ ကိုယ်စားလှယ်များထဲကနေ ၁၅ ဦးကို ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

UPDJC အစုအဖွဲ့ အလုပ်ဖြစ်/မဖြစ်က နစကနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) တို့၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအပေါ်တွင် မူတည်ကြောင်း၊ မိမိတို့ ပါတီများအနေဖြင့် ငြိမ်းချမ်းသော တိုင်းပြည်၊ လက်ရှိ ဖြစ်ပေါ်နေသော အကျပ်အတည်းများကို ပြေလည်နိုင်ရေး ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)မှဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီများနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံနေစဉ်

၎င်းက “အဓိကကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာပေါ့၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကျနော်တို့က အရင်က ၄၈ ဦး UPDJC ကော်မတီဝင် ၄၈ ဦးရှိတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဆွေးနွေးဖို့ နိုင်ငံရေးပါတီ အစုအဖွဲ့က ၁၆ ဦးရှိ မယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO က ၁၆ ဦး၊ နောက်ပြီးတော့ တပ်မတော်နဲ့ အစိုးရပေါ့၊ လွှတ်တော် အခုတော့ လွှတ်တော်မရှိသေးဘူး။ တပ်မတော်အစိုးရက ၁၆ ဦး အဲဒီလိုလုပ်ပြီးမှ UPDJC ကို ဖွဲ့တာ ပေါ့၊ အခုကြတော့ နာမည်ပြောင်းသွားတာပေါ့၊ NSPNC ဆိုပြီးတော့ ပြောင်းထားလိုက်တာပေါ့၊ အဲဒါတွေ ဖွဲ့စည်း တာ၊ ဖွဲ့စည်းပြီးမှ အခုကျနေတဲ့ EAO အဖွဲ့တွေ နောက်ထပ်တိုးလာမယ့် EAO အဖွဲ့တွေ နိုင်ငံရေး ဆွေးနွေးပွဲမှာ ၄၈ ဦး အဓိက ဦးဆောင်ပြီး ဆွေးနွေးကြဖို့ ကျနော်က အဲဒီလို နားလည်တယ်” ဟု ပြောသည်။

မိမိတို့ အပစ်ရပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့မှာ စုဖွဲ့ထားပြီးဖြစ် ကြောင်း၊ နိုင်ငံရေးပါတီ အစုအဖွဲ့အနေဖြင့် ဆွေးနွေးမှု မူဘောင်များ ပြင်ဆင်ဖွဲ့စည်းခြင်းဟု ယူဆကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “နိုင်ငံရေးပါတီအစုအဖွဲ့ ကိုယ်စားလှယ်ရွေးတာတော့ ရန်ကုန်မှာ သတင်းရပါတယ်။ ကျနော်တို့ဆီက PNO ကိုယ်စားလှယ်လည်း သွားတာတွေ့ပါတယ်။ ဒါပေမဲ့ UPDJC အဆင့် ပြန်ရောက်ချင်မှ ရောက်မယ်ဗျ၊ နိုင်ငံရေး ပါတီ အစုအဖွဲ့နဲ့ပဲ လိုအပ်လို့ ဆွေးနွေးမယ်ဆိုရင်လည်း ပါနိုင်အောင် ပြင်ဆင်တဲ့ သဘောပါ။ နောက်ကျနော်တို့ EAO တွေကြတော့ NCA လက်မှတ်ရေးထိုးထားတဲ့ EAO ၇ ဖွဲ့ကတော့ ရှိပါတယ်။ စုဖွဲ့ထားတာ ရှိပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ အဲဒီအဖွဲ့အနေနဲ့လည်းပဲ ကိုယ်စားလှယ်က ရှိပြီးသားပါ။ အကယ်၍ ဆွေးနွေးပွဲ တစ်စုံတစ်ရာ ပေါ်မယ်ဆိုရင်တော့ ကျနော်တို့ ကိုယ်စားလှယ်အဖွဲ့ မွမ်းမံပြီးတော့ ဝင်ဆွေးနွေးလို့ အဆင်သင့်ဖြစ်ပါတယ်။ ကျနော်တို့ကတော့ ပြဿနာသိပ်မရှိပါဘူး။ ဆွေးနွေးပွဲအတွက် အဆင်သင့် အမြဲတမ်း ရှိပါတယ်။ NCA မထိုးတဲ့ အဖွဲ့တွေတော့ မပြောနိုင်ဘူး။ ဘယ်အဖွဲ့တွေပါမယ်၊ ဘယ်အဖွဲ့တွေမပါဘူး။ သို့သော် လည်းပဲ မြောက်ပိုင်း ၃ ဖွဲ့ကတော့ နေပြည်တော်က ဖိတ်ခေါ်ရင် အမြဲတမ်းလာနေကျတော့ တွေ့တယ်ဗျ၊ “ဝ” ရယ်၊ မိုင်းလားရယ်၊ SSPP ရယ်၊ ဒီ ၃ ဖွဲ့ကတော့ ဆွေးနွေးပွဲရှိတိုင်း သူတို့ နေပြည်တော်လာတာ တွေ့ရပါတယ်။ အဲဒါကြောင့် အကယ်၍ ဖိတ်ခေါ်မှုရရင် EAO လက်မှတ်ထိုးတဲ့အဖွဲ့က အဆင်သင့်ရှိတယ်၊ လက်မှတ်မထိုးတဲ့ အဖွဲ့ကတော့ တချို့အဖွဲ့တွေတော့ စဉ်းစားနိုင်ပါတယ်။ နိုင်ငံရေးပါတီကတော့ နဂိုကတည်းက သူတို့အစုအဖွဲ့ ရှိပြီးသားဆိုတော့ အခုကတော့ နည်းနည်း လူသစ်ထပ်လဲတာတို့ ဆွေးနွေးမှု မူဘောင်တွေ ပြင်ဆင်တာတို့ လုပ်မယ်လို့ ထင်ပါတယ်။ ကျနော်သိသလောက်တော့ ဒီလောက်ပါပဲ” ဟု ပြောသည်။

နိုင်ငံရေးပါတီများနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံနေစဉ်

UPDJC ကို အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် ကိုယ်စားလှယ် ၁၆ ဦး၊ NCA ထိုးထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦးတို့ဖြင့် ဖွဲ့စည်းရန် NCA စာချုပ်တွင် ပြဋ္ဌာန်းထားသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ကို ၂ ကြိမ်ထပ်မနည်း ဖွဲ့စည်းထားပြီးဖြစ်သော် လည်း ထိထိ ရောက်ရောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မလုပ်ကိုင်နိုင်ဘဲ ဖြစ်နေသည်ကို တွေ့ရသလို ပြည်သူလူ ထုနှင့် နိုင်ငံတကာ သံတမန် အသိုင်းအဝိုင်းမှလည်း စိတ်ဝင်စားမှု မရှိဘဲဖြစ်နေကြောင်း နိုင်ငံရေးသမားတစ်ဦးက သုံးသပ်ထားသည်။

လာမည့် ၂၅ ရက်နှင့် ၂၆ ရက်နေ့တွင် UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ ပြန်လည် ရွေးချယ်မည့် နိုင်ငံရေးပါတီ ၄၇ ပါတီထဲတွင် ငြိမ်းချမ်းရေးကို တကယ် နားလည်သူ သို့မဟုတ် တိုင်းရင်းသား လက်နက်ကိုင်များအကြောင်း နားလည်သူ ပါတီမည်မျှရှိသနည်း၊ နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်း၏ လေးစားခံရမှုနှင့် ပေါက်ရောက်သည့် ပါတီမည်မျှရှိသနည်း၊ နိုင်ငံရေးပါတီကို အကြောင်းပြု၍ ကိုယ်ကျိုးစီးပွား ရှာဖွေနေသည့်ပါတီ မည်မျှရှိသနည်း စသည့် အခြေအနေများကို သေချာစဉ်းစားကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိထိမိမိ လုပ်နိုင်သည့် ကိုယ်စားလှယ် များဖြင့်သာ ဖွဲ့စည်းသင့်ကြောင်း နိုင်ငံရေးသမားများက ထောက်ပြကြသည်။