CNI International News

နယူးဒေလီ၊ မေလ ၂၅

အိန္ဒိယနိုင်ငံတွင် လာမည့် သီတင်းပတ်အတွင်း အဆုံးသတ်တော့မည့် လွှတ်တော်ရွေးကောက်ပွဲများ၌ မိမိ၏ BPJ ပါတီသည် နေရာအများစုကို အနိုင်ရထားပြီးဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ (Narendra Modi) က ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

BJP ပါတီသည် ပြည်သူလူထု၏ ထောက်ခံမှုဖြင့် လုပ်ပိုင်ခွင့်အာဏာကို သမိုင်းဝင် အနိုင်ရရှိလိမ့်မည်ဟု မိုဒီက မေလ ၂၃ ရက်တွင် ဖော်ပြခဲ့သည့် The Economic Times နှင့်ပြုလုပ်သည့် အင်တာဗျူး၌ ပြောကြားခဲ့သည်။

မိမိတို့ပါတီသည် အောက်လွှတ်တော်၏ နေရာ ၅၄၃ နေရာအနက် ၂၇၂ နေရာကို အနိုင်ရရှိပြီး လွှတ်တော်၏ နေရာ အများစုကို ရရှိကြောင်း၊ ထိုအနိုင်ရရှိမှုသည် မြေပြင်တွင်ရှိသည့် ပြည်သူများက ရှင်းလင်းပြတ်သားစွာ အချက်ပြခဲ့ သည်ဟု မိုဒီက ပြောသည်။

လူဦးရေ ၁ ဒသမ ၄ ဘီလျံရှိသည့် အိန္ဒိယတွင် ဧပြီ ၁၉ ရက်မှစပြီး ဇွန်လ ၁ ရက်အထိ အဆင့် ၇ ဆင့်ခွဲပြီး ပြုလုပ် သည့် ရွေးကောက်ပွဲကို ဆက်လက် ပြုလုပ်နေသည်။ ထို့နောက် မဲရလဒ်များကိုတော့ ဇွန်လ ၄ ရက်တွင် ထုတ်ပြန် ကြေညာမည် ဖြစ်သည်။

မိုဒီကမူ ၎င်း၏ BJP ပါတီနှင့် မဟာမိတ်များသည် ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲက အနိုင်ရခဲ့သည့် နေရာ ၃၅၀ ထက် ပိုပြီး ယခုရွေးကောက်ပွဲတွင် နေရာ ၄၀၀ အထိ အနိုင်ရလိမ့်မည်ဟု ခန့်မှန်းပြောကြားခဲ့သည်။ 

မိုဒီကို တွေ့ရစဉ်

BJP ပါတီသည် ၂၀၁၉ ရွေးကောက်ပွဲက ၃၀၃ နေရာကို အနိုင်ရခဲ့ပြီး ယခုရွေးကောက်ပွဲတွင် နိုင်ငံတောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများ၌ သိသာစွာ အသာစီး ရရှိထားကြောင်း မိုဒီက ပြောသည်။

“ဒီတစ်ကြိမ်မှာတော့ ကျနော်တို့ဟာ တမီလ်နာဒူး (Tamil Nadu) ၊ တယ်လန်နာဂါ (Telangana) ၊ အန်ဒရာ ပရာဒေ့ရှ် (Andhra Pradesh)၊ ကီရာလာ (Kerala)၊ အနောက်ဘန်ဂေါ (West Bengal) နဲ့ အိုဒစ်ရှာ (Odisha) လို ပြည်နယ်တွေမှာ မဲရလဒ်တွေ တိုးတက်ကောင်းမွန် လာပါလိမ့်မယ်” မိုဒီက The Economic Times သတင်းစာကို ပြောကြားခဲ့သည်။

BJP ပါတီသည် ယခုရွေးကောက်ပွဲတွင် အုပ်စု ၂၀ ကျော် ပါဝင်သည့် အတိုက်အခံ မဟာမိတ်အဖွဲ့နှင့် ယှဉ်ပြိုင် နေရပြီး ထိုအတိုက်အခံများက မိုဒီနှင့် BJP ပါတီကို ဖြုတ်ချရန် ရည်ရွယ်ထားသည်။

ဥတ္တရာပရာဒေ့ရှ် (Uttar Pradesh) ပြည်နယ်၏ ဒေသခံပါတီကို ဦးဆောင်သည့် အတိုက်အခံ ခေါင်းဆောင် အခ်ဟီလက်ရှ် ယာဒေ့ဗ် (Akhilesh Yadav) နှင့် ဒေလီဝန်ကြီးချုပ် အာဗင်း ကက်ဂျ်ရီဝယ်လ် (Arvind Kejriwal) တို့ကမူ ယခုရွေးကောက်ပွဲတွင် BJP ပါတီသည် နေရာအများစု ရရှိလိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် မိုဒီကမူ ဇွန်လ ၄ ရက်တွင် ထုတ်ပြန်မည့် မဲရလဒ်များ၌ BJP ပါတီသည် မဲများကို စံချိန်တင် ရရှိလိမ့်မည် ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်