CNI International News

နယူးဒေလီ၊ မေလ ၂၇

ဧပြီလအတွင်းက တောင်တရုတ်ပင်လယ်တွင် အမေရိကန်၊ ဂျပန်၊ ဩစတြေးလျနှင့် ဖိလစ်ပိုင်တို့သည် ပူးတွဲ ရေကြောင်း ကင်းလှည့်မှုများနှင့် ပထမဆုံးအကြိမ် အမေရိကန်-ဂျပန်-ဖိလစ်ပိုင် သုံးပွင့်ဆိုင် အစည်းအဝေး ပြုလုပ်မှုများသည် Squad ဟုခေါ်ဆိုနိုင်သည့် မဟာမိတ်အဖွဲ့အသစ်တစ်ခု ပေါ်ထွက်လာသည့် အခင်းအကျင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့ကြောင်း Lowy Institute ဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

အဆိုပါ လေးနိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့်ဖိလစ်ပိုင်အကြား နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွား မှုများကြောင့် တင်းမာမှုများ မြင့်တက်လာသည့် အခြေအနေတွင် တရုတ်ကို တန်ပြန်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်နိုင် သည်ဟု ဆိုသည်။

တစ်ချိန်တည်းမှာပင် အိန္ဒိယ၊ ဩစတြေးလျ၊ ဂျပန်နှင့် အမေရိကန်တို့ ပါဝင်သည့် Quad အဖွဲ့ခေါင်းဆောင်များ၏ အစည်းအဝေးကို အိန္ဒိယက ရွှေ့ဆိုင်းမှု၊ မကြာသေးမီက ရုရှား-ယူကရိန်းစစ်ပွဲတွင် ကုလသမဂ္ဂ၏ ကြေညာချက် ထုတ်ပြန်မှုတွင် အိန္ဒိယက လက်ရှောင်နေမှု၊ အိန္ဒိယနှင့် ရုရှားအကြား ကုန်သွယ်ဖက် ဆက်ဆံရေးများ ထိန်းသိမ်း ထားမှု၊ အီရန်နှင့် ဆိပ်ကမ်းသဘောတူစာချုပ် ချုပ်ဆိုမှုများကြောင့် အိန္ဒိယနှင့် အခြား Quad အဖွဲ့ဝင်နိုင်ငံများ အကြား စည်းလုံးညီညွတ်မှုအပေါ် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။

တောင်တရုတ်ပင်လယ် အခြေအနေကို တွေ့ရစဉ်

The Interpreter ဂျာနယ်တွင် ပင်တိုင်ဆောင်းပါးရှင်ဖြစ်သည့် ရစ်ချက် ဟေဒရီယန် (Richard Heydarian) ကဲ့သို့ ဒေသတွင်း လေ့လာစောင့်ကြည့်သူအချို့ကမူ Squad အဖွဲ့သည် Quad အဖွဲ့ထက် ပိုမိုထိရောက်မှု ရှိနိုင်လိမ့်မည် ဟု သုံးသပ်ခဲ့ကြသည်။

Squad အဖွဲ့သည် လက်ရှိ ဩစတြေးလျ-ဗြိတိန်-အမေရိကန်တို့ ပါဝင်သည့် AUKUS အဖွဲ့နှင့် အမေရိကန်-ဂျပန်-ဖိလစ်ပိုင် သုံးပွင့်ဆိုင်အဖွဲ့တို့၏ တိုးတက်ပြောင်းလဲလာသည့် အဖွဲ့မျိုးဖြစ်သည်။

Squad ဟု သုံးနှုန်းဖော်ပြခဲ့သည့် အဆိုပါအဖွဲ့သည် တရုတ်၏ ရန်လိုမှုများကို ပိုမိုရင်ဆိုင်နေရသည့် ဖိလစ်ပိုင် အတွက် နိုင်ငံရေး အသိုက်အဝန်းများထဲတွင် ယုံကြည်မှုကို ပိုမိုမြှင့်တင်ပေးနိုင်မည်မှာ သေချာကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

သို့သော် Squad အဖွဲ့ အခင်းအကျင်းနှင့်ပတ်သက်ပြီး ထည့်သွင်းစဉ်စားရမည့် အဓိကအချက် ၂ ချက်ရှိသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ်

ပထမအချက်မှာ ဖိလစ်ပိုင်သည် အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်ကို တန်ပြန်ရန်အတွက် ၎င်း၏မိတ်ဖက်နိုင်ငံများ နှင့် စီးပွားရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း လိုအပ်ချက်များ ရှိနေခြင်းဖြစ်သည်။

ဒုတိယအချက်မှာ Quad အဖွဲ့သည် ထိရောက်မှု မရှိသည့်အဖွဲ့အဖြစ် ကောက်ချက်ချရန် အချိန်စောလွန်းနေခြင်း ဖြစ်သည်။ 

အကယ်၍ လက်ရှိပြုလုပ်နေသည့် အိန္ဒိယရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်မိုဒီ (Narendra Modi) အနိုင်ရခဲ့ မည်ဆိုပါက Quad အဖွဲ့၏ အနေအထားသည် ပြောင်းလဲသွားနိုင်သည်။ 

အိန္ဒိယသည် ရွေးကောက်ပွဲအပြီးတွင် အစိုးရသစ် ဖွဲ့စည်းပြီးသည်နှင့် တစ်ပြိုင်တည်း ၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက် အတွင်း Quad အဖွဲ့အစည်းအဝေးကို လက်ခံကျင်းပရန် စီစဉ်ထားသည်။

Source: Lowy Institute