CNI International News

ဘန်ကောက်၊ မေလ ၂၇

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) သည် ဝန်ကြီးချုပ်ရုံး ဝန်ကြီးရာထူးနေရာ အတွက် ၎င်းတို့မိသားစု၏ ရှေ့နေဖြစ်သူ ပီချစ် ချူအန်ဘန် (Phichit Chuenban) အား ခန့်အပ်ရန် အကြံပြုခဲ့ သည်ဆိုသည့် သတင်းများကို ငြင်းဆိုခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။

သက်ဆင်က သူသည် အသက်အရွယ် ကြီးရင့်နေပြီဖြစ်ပြီး အစိုးရအဖွဲ့အတွင်း မည်သည့် ရာထူးနေရာမှ ရယူ မထားကြောင်း၊ လူငယ်များအား နေရာပေးရန် အကြံပြုခြင်းသည် နိုင်ငံအတွက် တတ်နိုင်သည့်ဘက်မှ ကူညီခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အချို့ပြဿနာများသည် အချိန်ယူ ဖြေရှင်းရမည်ဖြစ်သဖြင့် လက်ရှိဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) ကို ဝန်ကြီးချုပ်အဖြစ် တတ်နိုင်သမျှ အချိန်ကြာမြင့်စွာ ထမ်းဆောင်စေရန် ဆန္ဒရှိကြောင်း သက်ဆင်က ပြောသည်။

ရှေ့နေဖြစ်သူ ပီချစ် ချူအန်ဘန်ကို တွေ့ရစဉ်

နိုင်ငံရေးနောက်ခံ အရှုပ်တော်ပုံများရှိသည့် ပီချစ်အား ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် ခန့်အပ်မှုကြောင့် အထက် လွှတ်တော်အမတ် ၄၀ ခန့်က ဆရီသာအား ရာထူးမှ ဖယ်ရှားရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို စောဒက တက်ခဲ့ခြင်းသည် ပြဿနာအချို့ကို ဖြစ်စေနိုင်ကြောင်း၊ သိုသော် ဆရီသာသည် ရာထူးမှ ဖယ်ရှားခံရမည် မဟုတ် ကြောင်း သက်ဆင်က ပြောသည်။

ထို့ပြင် သူ့အနေဖြင့် အထက်လွှတ်တော်အမတ် ၄၀ ကို ဆန့်ကျင်သည့် တုန့်ပြန်မှုများကို ပြုလုပ်လိမ့်မည်ဆိုသည့် သတင်းများကိုလည်း သက်ဆင်က ငြင်းဆိုခဲ့သည်။

မကြာသေးမီက ချင်းမိုင် (Chiang Mai) တွင် မြန်မာနိုင်ငံမှ တိုင်းရင်းသားအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ နှင့် ဆွေးနွေးမှု၊ ထိုင်းတောင်ပိုင်းတွင် ဖြစ်ပွားနေသည့် မတည်ငြိမ်မှုများကို ဆွေးနွေးရန် ဖူးခက် (Phuket) တွင် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) နှင့် လျှို့ဝှက်တွေ့ဆုံမှုများသည် ကောင်းမွန်သည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကိုယ်ကျိုးစီးပွားအတွက် မဟုတ်ကြောင်းလည်း သက်ဆင်က ပြောကြားခဲ့ သည်။

ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင်ကို တွေ့ရစဉ်

မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ၏ အိမ်နီးချင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ကာ မြန်မာနိုင်ငံ၏ ပဋိပက္ခသည် အာဆီယံကို အားနည်းစေနိုင်ပြီး မြန်မာပြည်သူများသည် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေး ဝင်ရောက်ရသည့် အခြေအနေသို့ ရောက်ရှိစေခဲ့ကြောင်း ၎င်းက ဆိုသည်။

သက်ဆင်သည် မေလ ၂၆ ရက်က ၎င်း၏ ကွယ်လွန်သွားသည့် ယာဉ်မောင်းဖြစ်သူ ဝီချိုင်း ချန်လက် (Wichai Changlek) ကို ဂါရဝပြုရန် သမီးဖြစ်သူ ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) နှင့် သားဖြစ်သူ ပန်သွန်တေး ရှင်နာဝပ် (Panthongtae Shinawatra) တို့နှင့်အတူ နာခွန်း ရတ်ချာစီမာ (Nakhon Ratchasima) မြို့သို့ သွားရောက်ခဲ့သည်။

သက်ဆင်ကို ၂၀၁၆ ခုနှစ်တွင် အစိုးရရှေ့နေချုပ်ဟောင်းက တော်ဝင်မိသားစုအား ဝေဖန်သည့် တော်ဝင်အသရေ ဖျက်မှုဥပဒေဖြင့် တရားစွဲဆိုခဲ့ပြီး မေလ ၂၉ ရက်တွင် ထိုအမှုကို ကြားနာစစ်ဆေးမှု ခံယူရမည်ဖြစ်သည်။

Source: Thai PBS World