CNI News

၂၀၂၄ ခုနှစ်၊ မေလ ၂၇

အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များသည် ကူးကီအမျိုးသားတပ်မတော်-မြန်မာနိုင်ငံ(KNA-B)ကို ထောက်ပံ့ကူညီပေးပြီး နာဂများကို ကြားခံစစ်ပွဲဆင်နွှဲနေသည်ဟု နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-အိုက်ဇက်ချီရှီဆူ/ဗွီဗား(NSCN-IM)က သတင်းထုတ်ပြန်ခဲ့သည်။

ကူးကီတပ်ဖွဲ့ KNA-B သည် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ မြို့သစ်မြို့တွင် PDF များနှင့်ပူးပေါင်း၍ နာဂ လက်နက်ကိုင်များ အပါအဝင် ကသည်း လက်နက်ကိုင်များကို တိုက်ခိုက်ခဲ့သည်။

ထို့နောက် NSCN-IM က အိန္ဒိယသည် ကူးကီလက်နက်ကိုင် KNA-B နှင့် PDF များကို ထောက်ပံ့ပြီး နာဂများကို စစ်ပွဲဆင်နွှဲနေသည်ဟု စွပ်စွဲခဲ့သည်။

NSCN- IM က “အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များသည် KNA-B နှင့် PDF ဆိုသည့် အမည်များဖြင့် NSCN ကို ဆန့်ကျင်သည့် ကြားခံစစ်ဆင်နွှဲနေသော်လည်း နာဂတပ်မတော်သည် KNA-B ကို တိုက်ခိုက်ရန် မည်သည့် လုပ်ဆောင်ချက်ကိုမျှ လုပ်ဆောင်ခဲ့ခြင်း မရှိပေ၊ ထို့အတူ PDF ကို ဆန့်ကျင်စရာ အကြောင်းလည်းမရှိပေ။ မြန်မာနဲ့အိန္ဒိယ နယ်စပ်တွင် ဖြစ်ပွားနေသည့် အခြေအနေသည် NSCN ကို ဆန့်ကျင်သည့် လျှို့ဝှက်စစ်ပွဲ သို့မဟုတ် ကြားခံစစ်တစ်ခုဖြစ်သည်။ အာသံရိုင်ဖယ်တပ်ဖွဲ့(AR)နဲ့ အရန်တပ်များ ပါဝင်သည့် အိန္ဒိယလုံခြုံရေး တပ်ဖွဲ့များသည် KNA-B အဖွဲ့အမည်ကို အသုံးပြုပြီး NSCN ကို တိုက်ခိုက်လျက်ရှိသည်”ဟု ထုတ်ပြန် ပြောကြား ခဲ့သည်။

NSCN-IM ရဲ့ထုတ်ပြန်ချက်ကို တွေ့ရစဉ်

ထိုသို့ လုပ်ဆောင်ခြင်းမှာ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များသည် မြန်မာနိုင်ငံရှိ မြို့သစ်မြို့တွင် နာဂလက်နက်ကိုင်များ ကို စခန်းမထိုင်စေလိုသည့်အတွက်ဖြစ်ကြောင်း NSCN-IM က ထုတ်ပြန်ခဲ့သည်။

၎င်းက “ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များသည် ထိုနေရာတွင် အထိုင်ချနေသည့် ကသည်းတော်လှန်ရေး အုပ်စုများကို စစ်ပွဲဆင်နွှဲရန် KNA-B ကို အထောက်အပံ့ပေးမှု မြှင့်တင်နေသည့် အချက်မှာ ပိုမိုသိသာ ထင်ရှားလာသည်။ ထိုအိန္ဒိယ လုံခြုံရေးတပ်ဖွဲ့များသည် မဏိပူရ်ပြည်နယ်၊ တန်ဂနူပယ်ခရိုင်တွင် လှုပ်ရှားနေသည့် ကူးကီစစ်သွေး ကြွအုပ်စုများကိုပင် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်နှင့် ကသည်း တော်လှန်ရေးအုပ်စုများအား တိုက်ခိုက် ခွင့်ပြုထားသည်”ဟု ပြောသည်။

ထို့နောက် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များသည် နာဂများကို ဆန့်ကျင်သည့် သွေးစွန်းသော စစ်ပွဲတွင် ကူးကီများကို ရှေးပြေးတပ်ဖွဲ့အဖြစ် အသုံးပြုနေပြီး ကူးကီတပ်ဖွဲ့ကို အပြည့်အဝ ထောက်ပံ့ပေးနေသည်ဟု NSCN-IM က ပြောသည်။

အိန္ဒိယအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားပြီး ၂၇ နှစ်ကြာ  နိုင်ငံရေးဆွေးနွေးပွဲများ လုပ်ဆောင်နေသည့် NSCN-IM ကို ဆန့်ကျင်သည့် အိန္ဒိယအစိုးရ၏ ဝါဒဖြန့်စစ်ပွဲဆင်နွှဲမှုကို သတိထား ဆင်ခြင် ခဲ့သော်လည်း အိန္ဒိအစိုးရ အေဂျင်စီများသည် NSCN-IM ကို ဆက်လက် တိုက်ခိုက်နေသည်ဟု NSCN-IM က ထုတ်ပြန်ခဲ့သည်။

ကသည်းလက်နက်ကိုင်အဖွဲ့ပိုင် လက်နက်ခဲယမ်းတွေကို KNA-B က သိမ်းဆည်းခဲ့စဉ်

အိန္ဒိယသည် နာဂနှင့် ကသည်း လက်နက်ကိုင်များကို ချေမှုန်းလျက်ရှိသည်။

အိန္ဒိယအစိုးရက KNA-B (ကူးကီတပ်ဖွဲ့)ကို ထောက်ပံ့ပေးနေသည်ဟု စွပ်စွဲမှုမှာ မဟုတ်မှန်ကြောင်း ကူးကီ အမျိုးသားများတပ်မတော်(KNA-B)က ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် KNA-B (ကူးကီတပ်ဖွဲ့)သည် PDF များ၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ မြန်မာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားများတပ်မတော်(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) စသည့် လက်နက်ကိုင်များဖြင့် ပူးပေါင်း၍  တမူး၊ ကလေး၊ ခမ်းပတ် ဒေသများရှိ မြန်မာ့တပ်မတော် အပါအဝင် တခြားသော လက်နက်ကိုင်များကို တိုက်ခိုက်လျှက်ရှိသည်။