CNI News

၂၀၂၄ ခုနှစ်၊ မေလ ၂၇

အာဏာ ၃ ရပ်အား ကျင့်သုံးနိုင်ရန်အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)ကို ပြန်လည် ဖွဲ့စည်းလိုက် ကြောင်း ၂၀၂၄ ခုနှစ်၊ မေလ ၂၇ ရက်နေ့က MSFC မှ ထုတ်ပြန်ခဲ့သည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ ဒုတိယအကြိမ် ညီလာခံပြီးသည့် နောက်ပိုင်း မွန်ပြည်နယ်တွင် အာဏာ ၃ ရပ်အား ကျင့်သုံးနိုင်ရန် (က) ဥပဒေပြုရေးကော်မတီ (ခ) တရားရေးကော်မတီနှင့် (ဂ) အုပ်ချုပ်ရေးကော်မတီ တို့ကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့သည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ ဖွဲ့စည်းပုံ အခန်း(၈)အရ မွန်ပြည်ကြားကာလ(တော်လှန်ရေးကာလ) အုပ်ချုပ်ရေး အစီအမံများအား ဆောင်ရွက်ရန် အုပ်ချုပ်ရေးကော်မတီကို ဖွဲ့စည်းခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြ ထားသည်။

ထို့နောက် ပြင်ဆင်ဖွဲ့စည်းခဲ့သော မွန်ပြည်ဖက်ဒရယ်ကောင်စီတွင် နိုင်မွန်ဆိုင်း (ဥက္ကဋ္ဌ)၊ နိုင်ဒင်းပလဟံသာ (ဒုဥက္ကဋ္ဌ၊ ဌာနမှူး၊ ကာကွယ်ရေးဌာန)၊ နိုင်ပညာမာန် (ဌာနမှူး၊ ပြည်ထဲရေးဌာန)၊ မိသုတဂျော် (ဌာနမှူး၊ လူသားချင်းစာနာမှုနှင့် ကယ်ဆယ်ရေးဌာန)၊ မိမူဘဲ့ (ဌာနမှူး၊ ပညာရေးဌာန)၊ မိမငေးသဇင်(ဌာနမှူး၊ ကျန်းမာ ရေးဌာန)၊ ဒေါက်တာသီရိမွန်ချမ်း(ဌာနမှူး၊ သတင်းပြန်ကြားရေးနှင့်လူထုဆက်ဆံရေးဌာန)၊ မိသုဇာထော (ဌာန မှူး၊ လူငယ်၊အမျိုးသမီး၊ ကလေးနှင့်ဂျန်ဒါတန်းတူရေးဌာန)၊ နိုင်သဟမွန်(ဌာနမှူး၊ ပြင်ပဆက်ဆံရေးဌာန)၊ မိဇဲ့ ဟန်မွန်(ဌာနမှူး၊ ဘဏ္ဍာရေးနှင့်အခွန်ကောက်ဌာန)တို့ ပါဝင်ကြသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ အုပ်ချုပ်ရေးကောင်မတီသည် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများ နွေဦး တော်လှန်ရေး အင်အားစုများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ ရပ်ရွာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။